ထိုင်းနှင့် မလေးရှားရဲတပ်ဖွဲ့ ပူးပေါင်းပြီး တရားမဝင် ရုပ်ရှင်/အားကစားလိုင်း MyIPTV4K ကို ဖြိုခွင်း

အရှေ့တောင်အာရှတွင် ခိုးကူးရုပ်ရှင်နှင့် အားကစားပွဲစဉ်များကို တရားမဝင်လွှင့်ပေးနေသည့် MyIPTV4K ကွန်ရက်ကြီးကို ဖြိုခွင်းရန် နိုင်ငံတကာရဲတပ်ဖွဲ့ (Interpol) အပါအဝင် ၆ နိုင်ငံ ပူးပေါင်းစုံစမ်းခဲ့ပြီးနောက်၊ ထိုင်းအမျိုးသားတစ်ဦးနှင့် မလေးရှားလင်မယားနှစ်ဦး ကို မူပိုင်ခွင့်ချိုးဖောက်မှုဖြင့် ဖမ်းဆီးတရားစွဲဆိုလိုက်ပါတယ်။

ချင်းမိုင်မြို့ရှိ သံသယရှိသူ အသက် ၃၃ နှစ်အရွယ် အမျိုးသား၏ နေအိမ်နှင့် ကုမ္ပဏီကို စီးနင်းရာတွင် တရားမဝင်လိုင်းလွှင့်ရာ၌သုံးသည့် ကွန်ပျူတာများနှင့် Cloud စနစ် ငွေချေမှုမှတ်တမ်း သက်သေများကို သိမ်းဆည်းရမိခဲ့သည်။

ဆီလန်ဂေါပြည်နယ်တွင် ဝက်ဘ်ဆိုက်ဒီဇိုင်းနှင့် လုံခြုံရေးစနစ်လုပ်ငန်း လုပ်ကိုင်နေပြီး ဤခိုးကူးလုပ်ငန်းနှင့် ဆက်စပ်နေသည့် လင်မယားနှစ်ဦးကို ဖမ်းဆီးခဲ့သည်။ (လက်ရှိတွင် တရားခံအားလုံးက စွဲချက်ကို ငြင်းဆိုထားသည်။)

MyIPTV4K သည် ပရီမီယံအားကစားပွဲများနှင့် ရုပ်ရှင်များကို ခိုးယူကာ Android Box စက်များနှင့် App များမှတစ်ဆင့် စင်ကာပူနှင့် မလေးရှား Lazada အွန်လိုင်းဈေးကွက်များတွင် တရားမဝင် လစဉ်ကြေးဖြင့် အကျယ်တဝံ့ ရောင်းချနေခြင်းဖြစ်သည်။

ယခုကဲ့သို့ မူပိုင်ခွင့်မဲ့ ခိုးကူး Application များနှင့် IPTV စက်များကို ဝယ်ယူအသုံးပြုခြင်းသည် ဥပဒေကြောင်းအရ အရေးယူခံရနိုင်ရုံမက၊ မိမိတို့၏ ဖုန်းနှင့် ကွန်ပျူတာများအတွင်းသို့ Malware ဗိုင်းရပ်စ်များဝင်ရောက်ကာ ဘဏ်အကောင့်နှင့် ကိုယ်ရေးအချက်အလက်များ ခိုးယူခံရနိုင်သည့် ဆိုက်ဘာအန္တရာယ် အလွန်ကြီးမားသဖြင့် တရားဝင်လိုင်းများကိုသာ အသုံးပြုကြရန် တိုက်တွန်းချင်ပါတယ်။

Source; Bangkok Post