အဝေးပြေးရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေး၊ စစ်ဘက်သတင်းပေးအဖွဲ့နှင့် ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်း၍ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၄ ရက် (စနေနေ့) တွင် ဝင်ရောက်စီးနင်း ရှာဖွေခဲ့ခြင်း ဖြစ်ပါသည်။
ကန်ချနာဘူရီခရိုင်၊ မောင်မြို့နယ်၊ ပတ်ဖရက် (Pak Phraek) ရပ်ကွက်ရှိ ပုဂ္ဂလိကနေအိမ်တစ်လုံးတွင် သတင်းအရ ဝင်ရောက်စစ်ဆေးရာမှ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ပါသည်။ နေအိမ်အတွင်း ပုန်းအောင်းနေသည့် နိုင်ငံခြားသား ၃၅ ဦး (အမျိုးသား ၂၅ ဦး၊ အမျိုးသမီး ၁၀ ဦး) နှင့် ၎င်းတို့ကို စောင့်ရှောက်ပေးထားသည့် အိမ်စောင့်ဖြစ်သူ အသက် ၄၅ နှစ်အရွယ် မင်းဦး (Min Oo) အမည်ရှိ အမျိုးသားတစ်ဦး၊ စုစုပေါင်း ၃၆ ဦး ဖြစ်ပါသည်။
အဆိုပါ အလုပ်သားများသည် ဧပြီလ ၃ ရက်နေ့ အစောပိုင်းက ကုန်တင်ကားဖြင့် ရောက်ရှိလာခြင်းဖြစ်ပြီး၊ ထိုနေရာမှတစ်ဆင့် မလေးရှားနိုင်ငံ သို့ ဆက်လက်ထွက်ခွာရန် စောင့်ဆိုင်းနေကြသူများ ဖြစ်ကြောင်း အိမ်စောင့်ဖြစ်သူက ဝန်ခံထွက်ဆိုထားပါသည်။ ဖမ်းဆီးခံရသူအားလုံးသည် နိုင်ငံကူးလက်မှတ် သို့မဟုတ် တရားဝင် အထောက်အထား တစ်စုံတစ်ရာ ပြသနိုင်ခြင်း မရှိသလို၊ ထိုင်းဘာသာစကားဖြင့်လည်း ပြောဆိုနိုင်ခြင်း မရှိကြကြောင်း ရဲတပ်ဖွဲ့က ဆိုပါသည်။
အိမ်စောင့်ဖြစ်သူ မင်းဦးကို တရားမဝင် ဝင်ရောက်လာသူများအား လက်ခံထားမှုဖြင့် အမှုဖွင့်ထားပြီး၊ ကျန်မြန်မာလုပ်သား ၃၅ ဦးကိုတော့ တရားမဝင် ဝင်ရောက်မှုဖြင့် အရေးယူကာ ၎င်းတို့၏ နေရပ်သို့ ပြန်လည်ပို့ဆောင်ရန် စီစဉ်နေပါသည်။
Source;Bangkok Post
