အသက်အရွယ်အလိုက် နေ့စဉ်သကြားစားသုံးမှု စံနှုန်းနှင့် လမ်းညွှန်

အချိုစွဲလမ်းခြင်းဟာ သေမင်းနဲ့နီးစပ်တဲ့ အန္တရာယ်တစ်ခုပါပဲ။ ထိုင်းနိုင်ငံသားတွေရဲ့ ပျမ်းမျှသကြားစားသုံးမှုဟာ တစ်နေ့ကို ဇွန်း ၂၅ ဇွန်းအထိ ရှိနေပြီး ဒါဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သတ်မှတ်ထားတဲ့ ပမာဏထက် ၄ ဆတောင် ပိုများနေပါတယ်။ အချိုအလွန်အကျွံစားသုံးခြင်းဟာ အဝလွန်ခြင်းကိုသာမက ပြင်းထန်တဲ့ ရောဂါဝေဒနာတွေကိုပါ ဖြစ်စေနိုင်တာကြောင့် မိမိအသက်အရွယ်အလိုက် သင့်တော်တဲ့ သကြားပမာဏကို သိရှိဖို့ အလွန်အရေးကြီးပါတယ်။

ကျန်းမာရေးစံနှုန်းတွေအရ သကြားတစ်ဇွန်းမှာ ၄ ဂရမ်ခန့်ပါဝင်ပြီး အသက် ၆ နှစ်ကနေ ၁၃ နှစ်ကြား ကလေးတွေနဲ့ အသက် ၆၀ အထက် လူကြီးတွေအတွက် တစ်နေ့ကို သကြား ၄ ဇွန်းထက် ပိုမစားသင့်ပါဘူး။ လှုပ်လှုပ်ရှားရှားနေရတဲ့ အသက် ၁၄ နှစ်ကနေ ၂၅ နှစ်ကြား လူငယ်တွေအတွက်တော့ ၆ ဇွန်းအထိ ခွင့်ပြုထားပါတယ်။အလုပ်လုပ်နေတဲ့ အသက် ၂၅ နှစ်ကနေ ၆၀ ကြား လူကြီးတွေအနေနဲ့ နေ့စဉ်သောက်သုံးနေတဲ့ ကော်ဖီအေး ဒါမှမဟုတ် လက်ဖက်ရည်တွေကနေ သကြားဓာတ်တွေ အလွန်အကျွံရရှိတတ်တာကြောင့် ၄ ဇွန်းကနေ ၆ ဇွန်းအတွင်းသာ ကန့်သတ်စားသုံးဖို့ ဆရာဝန်တွေက တိုက်တွန်းထားပါတယ်။ ကိုယ်လက်လှုပ်ရှားမှု အရမ်းများတဲ့သူတွေအတွက်တော့ ၈ ဇွန်းအထိ စားသုံးနိုင်ပေမဲ့ ပျမ်းမျှလူတစ်ယောက်အတွက် တစ်နေ့တာ သကြားစားသုံးမှုဟာ ၆ ဇွန်း (၂၄ ဂရမ်) ထက် မကျော်သင့်ပါဘူး။

သကြားဓာတ်ကို လျှော့ချဖို့အတွက် သောက်စရာတွေမှာ အချိုလျှော့မှာယူတာ၊ အစားအစာတွေရဲ့ အာဟာရတံဆိပ်ကို သေချာဖတ်တာနဲ့ အချိုရည်တွေအစား ရေကိုသာ အဓိကသောက်သုံးတဲ့ အလေ့အထကို မွေးမြူသင့်ပါတယ်။ အခုကတည်းက အစားအသောက် အလေ့အကျင့်ကို ပြောင်းလဲခြင်းက သင့်ကိုယ်အလေးချိန်ကို ထိန်းညှိပေးရုံသာမက နောင်တစ်ချိန်မှာ ဖြစ်လာမယ့် ကျန်းမာရေးစရိတ်တွေကိုပါ လျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်။

Source; Thairath