လျှပ်စစ်စီးကရက် သုံးစွဲသူများကွန်ရက်အဖွဲ့က အစိုးရသစ်အနေနဲ့ လက်ရှိပိတ်ပင်ထားတဲ့ မူဝါဒကို ပြန်လည်သုံးသပ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။ ပိတ်ပင်ထားခြင်းက ထိရောက်မှုမရှိဘဲ မှောင်ခိုဈေးကွက်ကိုသာ ကြီးထွားစေတယ်လို့ သူတို့က ထောက်ပြထားပါတယ်။
အမျိုးသားစာရင်းအင်းရုံး (NSO) ရဲ့ အချက်အလက်တွေအရ ၂၀၂၁ ခုနှစ်မှာ သုံးစွဲသူ ၇၈,၇၄၂ ဦးသာ ရှိခဲ့ရာကနေ ၂၀၂၄ ခုနှစ်မှာ ၉ သိန်း (၉၀၀,၀၀၀) နီးပါးအထိ ၁၁ ဆကျော် မြင့်တက်လာခဲ့ပါတယ်။ လက်ရှိမှာတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ၂ သန်းကျော်အထိ ရှိနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။ လုံးဝပိတ်ပင်ထားခြင်းကြောင့် အစိုးရအနေနဲ့ ထုတ်ကုန်အရည်အသွေးကို စစ်ဆေးနိုင်ခြင်းမရှိသလို၊ ဝယ်ယူသူရဲ့ အသက်အရွယ် ကန့်သတ်ချက်နဲ့ ကျန်းမာရေးဆိုင်ရာ တိကျတဲ့သတင်းအချက်အလက်တွေကိုလည်း စီမံခန့်ခွဲနိုင်ခြင်း မရှိတော့ဘူးလို့ အဖွဲ့က ဆိုပါတယ်။
အကောက်ခွန်ဌာနရဲ့ အဆိုအရ လျှပ်စစ်စီးကရက်တွေကို နေ့စဉ်နဲ့အမျှ တရားမဝင် မှောင်ခိုသွင်းနေကြတာကြောင့် အရာရှိတွေအနေနဲ့ လိုက်လံဖမ်းဆီးဖို့တောင် မနိုင်မနင်း ဖြစ်နေရပါတယ်။ ၂၀၂၆ ဘဏ္ဍာရေးနှစ်ရဲ့ ပထမ ၅ လအတွင်းမှာတင် လျှပ်စစ်စီးကရက်ရောင်းချတဲ့ ဝက်ဘ်ဆိုက်ပေါင်း ၄၀,၀၀၀ ကျော်ကို ပိတ်ပင်ခဲ့ပေမဲ့ ထိရောက်မှု မရှိခဲ့ဘဲ အရာရှိတွေအတွက်သာ ဝန်ထုပ်ဝန်ပိုး ဖြစ်နေရတယ်လို့ သိရပါတယ်။
လျှပ်စစ်စီးကရက်ကို ဆေးလိပ်နဲ့ အရက်တွေလိုမျိုးပဲ တရားဝင်ဥပဒေဘောင်အတွင်း သွင်းပြီး စနစ်တကျ ထိန်းချုပ်ကန့်သတ်တဲ့ ယန္တရားတစ်ခု ဖော်ဆောင်ပေးဖို့ အစိုးရကို တိုက်တွန်းထားပါတယ်။
Source;Thaiger
