တောင်ကိုရီးယားနိုင်ငံရှိ Samsung Electronics ၏ Chip ထုတ်လုပ်ရေးစက်ရုံမှ အလုပ်သမားပေါင်း ၄၀,၀၀၀ ကျော်သည် ကုမ္ပဏီသမိုင်းတစ်လျှောက် အကြီးမားဆုံးသော လုပ်ငန်းခွင်အာဏာဖီဆန်မှုကို စတင်လိုက်ပြီး မေလ ၂၁ ရက်နေ့မှစ၍ ၁၈ ရက်ကြာ အထွေထွေသပိတ်မှောက်မည်ဟု သတိပေးထားသည်။
အဓိကအငြင်းပွားမှုမှာ အလုပ်သမားများအား ပေးအပ်သည့် အကျိုးခံစားခွင့် ဘောနပ်စ်အကန့်အသတ် (Performance-based bonus cap) ကို ပယ်ဖျက်ပေးရန်ဖြစ်ပြီး ကုမ္ပဏီ၏ လုပ်ငန်းလည်ပတ်မှုအမြတ်ငွေ ၁၅ ရာခိုင်နှုန်းကို ဘောနပ်စ်အဖြစ် ခွဲဝေပေးရန် အလုပ်သမားသမဂ္ဂက တောင်းဆိုထားခြင်းဖြစ်သည်။ ၂၀၂၆ ခုနှစ်တွင် ဆမ်ဆောင်း၏ အမြတ်ငွေမှာ ဝမ် ၃၀၀ ထရီလီယံအထိ ရှိလာနိုင်သဖြင့် အဆိုပါတောင်းဆိုချက်သည် ကုမ္ပဏီအတွက် ဝမ် ၄၅ ထရီလီယံခန့် ကုန်ကျစရိတ် ဝန်ထုပ်ဝန်ပိုး ဖြစ်စေနိုင်ပါသည်။
အကယ်၍ ညှိနှိုင်းမှုများ မပြေလည်ဘဲ သပိတ်မှောက်မှု အမှန်တကယ်ဖြစ်ပွားပါက ကမ္ဘာတစ်ဝန်းရှိ Android Smart ဖုန်းများတွင် အသုံးပြုနေသည့် Memory Chip ထုတ်လုပ်မှုကွင်းဆက်ကို အကြီးအကျယ် ထိခိုက်စေနိုင်ပြီး ဈေးကွက်အတွင်း ကုန်ပစ္စည်းပြတ်လပ်မှုနှင့် ဈေးနှုန်းကြီးမြင့်မှုများ ဖြစ်ပေါ်လာနိုင်ကြောင်း ပညာရှင်များက ခန့်မှန်းထားကြသည်။ လက်ရှိတွင် Samsung အနေဖြင့် ထုတ်လုပ်မှုပိုင်း ထိခိုက်မှုမရှိစေရန်နှင့် ပြိုင်ဘက်ကုမ္ပဏီများထံ ဈေးကွက်ဝေစု မဆုံးရှုံးစေရန်အတွက် အလုပ်သမားသမဂ္ဂနှင့် အမြန်ဆုံးညှိနှိုင်းရမည့် အကျပ်အတည်းတစ်ခုနှင့် ရင်ဆိုင်နေရပါသည်။
Source; The Nation
