ထိုင်းစီးပွားရေးဝန်ကြီးနှင့် Pimrypie တို့ ပူးပေါင်း၍ မွန်ထောင်ဒူးရင်းသီး အလုံးရေ ၁ သန်းအား ၁၀၀ ဘတ်ဖြင့် ရောင်းချမည်

ထိုင်းနိုင်ငံ စီးပွားရေးဝန်ကြီးဌာန ဝန်ကြီး Suphajee Suthumpun သည် နာမည်ကြီး Online Influencer ဖြစ်သူ Pimrypie နှင့် ပူးပေါင်းကာ မွန်ထောင်ဒူးရင်းသီး (Monthong) အလုံးရေ ၁ သန်းကို တစ်လုံးလျှင် ၁၀၀ ဘတ်နှုန်းဖြင့် ယနေ့ည ၇ နာရီတွင် Live လွှင့် ရောင်းချပေးသွားမည် ဖြစ်သည်။

ယခုအစီအစဉ်သည် ၂၀၂၆ ခုနှစ်အတွင်း ဒူးရင်းသီးထွက်နှုန်း ၃၃ ရာခိုင်နှုန်းကျော် မြင့်တက်လာမည့် ခန့်မှန်းချက်အရ စိုက်ပျိုးရေးတောင်သူများ၏ ထွက်ကုန်များကို စျေးကွက်အတွင်း လျင်မြန်စွာ ဖြန့်ဖြူးပေးနိုင်ရန် ရည်ရွယ်ခြင်း ဖြစ်သည်။ စီးပွားရေးဝန်ကြီးဌာန၏ ရှင်းလင်းချက်အရ ယခုပရိုမိုးရှင်းတွင် ပါဝင်သော ဒူးရင်းသီးများသည် ပြည်ပတင်ပို့သည့် Grade D အဆင့်မျိုးမဟုတ်ဘဲ ပြည်တွင်းစားသုံးသူများအတွက် ရည်ရွယ်သည့် ဒုတိယတန်းစား (Secondary-grade) သီးနှံများဖြစ်ကြောင်း သိရသည်။ အဆိုပါသီးနှံများသည် ပုံပန်းသဏ္ဌာန် အနည်းငယ်ကွဲပြားနိုင်ပြီး အသီးမှည့်လွန်နိုင်သော်လည်း အရသာမှာ ကောင်းမွန်ဆဲဖြစ်ကာ အိမ်ထောင်စုငယ်များအတွက် ပိုမိုသင့်တော်မည် ဖြစ်သည်။

လက်ရှိတွင် ထိုင်းနိုင်ငံ၏ လတ်ဆတ်ဒူးရင်း တင်ပို့မှုမှာ ယခုနှစ် ဇန်နဝါရီလအတွင်း ဘတ် ၁၀ ဘီလီယံကျော်အထိ ရှိခဲ့ပြီး ယခင်နှစ်ထက် ၆၇ ရာခိုင်နှုန်းကျော် တိုးတက်လာခဲ့သည်။ အထူးသဖြင့် တရုတ်စျေးကွက်တွင် ယုံကြည်မှု ဆက်လက်မြင့်မားနေသော်လည်း ဓာတုပစ္စည်းအကြွင်းအကျန်နှင့် ပိုးမွှားပြဿနာများမှာ စျေးကွက်အတွက် စိန်ခေါ်မှုအဖြစ် ဆက်လက်ရှိနေဆဲ ဖြစ်သည်။ ယခုပူးပေါင်းရောင်းချမှုသည် စားသုံးသူများအတွက် သက်သာသောစျေးနှုန်းဖြင့် ဝယ်ယူနိုင်ရန်နှင့် တောင်သူများအတွက် ခိုင်မာသော စျေးကွက်ရရှိစေရန် အထောက်အကူပြုမည် ဖြစ်သည်။

Source; The Nation