ထိုင်းနိုင်ငံတွင် အစွယ်အရှည်ဆုံး ဆင်မင်း “ပလိုင်ထွန်ဘိုင်” ကွယ်လွန်

စူရင်ခရိုင်၊ ထာတွမ် (Tha Tum) မြို့နယ်၊ ဘန်တာကလန်း (Ban Ta Klang) ကျေးရွာက ဆင်ဦးစီးများ (Kuay Arjiang) ဟာ သူတို့ချစ်မြတ်နိုးလှတဲ့ ဆင်မင်းကြီး ကွယ်လွန်မှုအတွက် များစွာဝမ်းနည်းပူဆွေးနေကြပါတယ်။

၎င်းဟာ ၂.၁၀ မီတာခန့်အထိ ရှည်လျားပြီး အလွန်လှပတဲ့ အစွယ်အစုံကို ပိုင်ဆိုင်ထားပါတယ်။ ခန့်ညားထည်ဝါတဲ့ ရုပ်သွင်ကြောင့် ထိုင်းနိုင်ငံရဲ့ ထိပ်တန်းဆင်တစ်ကောင်အဖြစ် သတ်မှတ်ခံထားရသူပါ။ “Chang Beer” ကြော်ငြာမှာ အဓိကပါဝင်သရုပ်ဆောင်ခဲ့ရာကနေ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ နာမည်ကြီးခဲ့ပါတယ်။ 

:၁၉၇၃ ခုနှစ်၊ နိုဝင်ဘာ ၁၁ ရက်မှာ ဘန်ကောက်မြို့မှာ မွေးဖွားခဲ့ပြီး၊ မိခင်မှာ “ဖန်းဘွားငွေ” (Phang Bua Ngern) ဖြစ်ပါတယ်။ ကွယ်လွန်ချိန်မှာ အသက် ၅၃ နှစ် ရှိပြီဖြစ်ပါတယ်။ ၎င်းဟာ “ဆင်များကို နေရပ်ပြန်ခေါ်၍ စူရင်ကို ဖွံ့ဖြိုးစေခြင်း” စီမံကိန်းရဲ့ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၈ ရက် ညနေပိုင်းက စူရင်ခရိုင်မှာ ပြင်းထန်တဲ့ မုန်တိုင်းတိုက်ခတ်ခဲ့စဉ်အတွင်း အမြင့် ၁၀ မီတာကျော်ရှိတဲ့ သစ်ပင်ကြီးတစ်ပင် ပြိုလဲကျခဲ့ပါတယ်။ ထိုသစ်ပင်ဟာ “ဖရာယာ စူရင်သာရာဖတ်ဒီ” (Phraya Surintharapakdi) အထိမ်းအမှတ်ကျောက်တိုင်ရှိ ဆင်ရုပ်တုကြီးကို ထိမှန်ပျက်စီးစေခဲ့ပါတယ်။ အဆိုပါ ဆင်ရုပ်တုရဲ့ အစွယ်ကျိုးသွားတဲ့ ဖြစ်ရပ်ဟာ ဆင်မင်းကြီး ပလိုင်သွန်ဘိုင် ကွယ်လွန်မယ့် ရှေ့ပြေးနိမိတ် (Ominous Sign) ဖြစ်နိုင်တယ်လို့ ဒေသခံအများအပြားက ယုံကြည်နေကြပါတယ်။

လက်ရှိမှာတော့ ဆင်ဦးစီးဖြစ်သူ Phor Lun Salangam နဲ့ မိသားစုဝင်များဟာ ဆရာတော်ကြီးများ၊ ဆင်ကုသရေး တိရစ္ဆာန်ဆေးကုဆရာဝန်များနဲ့ တိုင်ပင်ပြီး ဆင်မင်းကြီးအတွက် ခန့်ညားထည်ဝါတဲ့ သင်္ဂြိုဟ်ခြင်း အခမ်းအနားကို ပြင်ဆင်နေကြပါတယ်။

Source;Thairath