ဘာသာစကား အခက်အခဲကြောင့် Rayong တွင် ထိုင်းနှင့် တရုတ်အလုပ်သမားများ အုပ်စုဖွဲ့ ရန်ဖြစ်မှုဖြစ်ပွား

ထိုင်းနိုင်ငံ၊ Rayong ခရိုင်၊ Nikhom Phatthana မြို့နယ်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် ပြီးခဲ့သည့် ဧပြီလ ၂၆ ရက်နေ့က ထိုင်းအလုပ်သမားများနှင့် တရုတ်အလုပ်သမားများအကြား အကြီးအကျယ် အုပ်စုဖွဲ့ ခိုက်ရန်ဖြစ်ပွားခဲ့ပါသည်။ အဆိုပါဖြစ်စဉ်တွင် အလုပ်သမားများသည် ဆောက်လုပ်ရေးသုံးပစ္စည်းများကို လက်နက်သဖွယ် အသုံးပြု၍ အပြန်အလှန် တိုက်ခိုက်ခဲ့ကြသဖြင့် နှစ်ဖက်စလုံးတွင် ဒဏ်ရာရရှိသူများ ရှိခဲ့ကြောင်း သိရသည်။

သက်ဆိုင်ရာ အာဏာပိုင်များ၏ ကနဦးစစ်ဆေးချက်အရ ဤပဋိပက္ခသည် ဘာသာစကား အခက်အခဲ (Language Barrier) ကြောင့် ဖြစ်ပေါ်လာသည့် ဆက်သွယ်ရေးအလွဲအချော်များမှ စတင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။ လတ်တလောတွင် အာဏာပိုင်များက CCTV မှတ်တမ်းများကို စစ်ဆေးကာ ပါဝင်ပတ်သက်သူများအား ဥပဒေအရ အရေးယူရန် ဆောင်ရွက်နေသလို၊ လုပ်ငန်းခွင်အတွင်း ထိုင်းနှင့် တရုတ်အလုပ်သမားများကို သီးခြားခွဲထားကာ စကားပြန်များဖြင့် ပြန်လည်ညှိနှိုင်းပေးလျက် ရှိပါသည်။

အာဏာပိုင်များက ယခုကဲ့သို့သော အကြမ်းဖက်မှုများသည် နိုင်ငံခြားသား အလုပ်သမားစီမံခန့်ခွဲမှုပုံရိပ်နှင့် ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုကို ထိခိုက်စေနိုင်သဖြင့် မည်သည့်အငြင်းပွားမှုကိုမဆို ငြိမ်းချမ်းစွာ ဖြေရှင်းကြရန် တိုက်တွန်းနှိုးဆော်ထားပါသည်။

Source; Khaosod English