စွမ်းအင်မူဝါဒကော်မတီသည် တစ်လလျှင် လျှပ်စစ်ယူနစ် ၂၀၀ အောက် အသုံးပြုသော အိမ်ထောင်စုပေါင်း ၂၀ သန်းခန့်အတွက် မီတာခကို တစ်ယူနစ် ၃ ဘတ် နှုန်းသို့ လျှော့ချသတ်မှတ်ရန် ဆုံးဖြတ်လိုက်ရာ ဇွန်လ မီတာစာရင်းမှစတင်၍ သက်ရောက်မှုရှိမည် ဖြစ်သည်။ ယင်းအစီအစဉ်အတွက် Bypass Gas Fund မှ ဘတ် ၃၆၉ သန်း အသုံးပြုကာ မေလမှ သြဂုတ်လအထိ လောင်စာဆီနှုန်းထား (FT) ကို ထောက်ပံ့ပေးသွားမည်ဖြစ်သည်။
တစ်ဆက်တည်းတွင်ပင် နေအိမ်ခေါင်မိုး၌ ဆိုလာစနစ် (Solar Rooftop) တပ်ဆင်ထားသူများထံမှ ပိုလျှံလျှပ်စစ်ဓာတ်အားကို တစ်ယူနစ် ၂.၂၀ ဘတ် နှုန်းဖြင့် (၁၀) နှစ်ကြာ ပြန်လည်ဝယ်ယူမည့် စီမံချက်ကိုလည်း အတည်ပြုခဲ့သည်။ စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ယင်းအစီအစဉ်နှင့်ပတ်သက်သည့် စည်းမျဉ်းများကို ဇွန်လအတွင်း အပြီးသတ်ထုတ်ပြန်မည်ဖြစ်ပြီး EGAT၊ MEA နှင့် PEA တို့ကိုလည်း နေရောင်ခြည်စွမ်းအင်မှ လျှပ်စစ်ဓာတ်အားများကို နိုင်ငံတော်ဓာတ်အားစနစ် မထိခိုက်စေဘဲ လက်ခံနိုင်ရန် အဆင့်မြှင့်တင်မှုများပြုလုပ်ရန် တာဝန်ပေးထားသည်။
ထို့အပြင် အစိုးရအဖွဲ့သည် ပြည်နယ်အေဂျင်စီများအားလုံးတွင် စွမ်းအင်သုံးစွဲမှု ၂၀ ရာခိုင်နှုန်း လျှော့ချရန်နှင့် လမ်းမီးများကို LED နှင့် ဆိုလာစနစ်များဖြင့် အစားထိုးရန် ညွှန်ကြားခဲ့သည်။ တစ်ချိန်တည်းမှာပင် လျှပ်စစ်ကား (EV) ထုတ်လုပ်မှုနှင့် အားသွင်းစခန်းများ တိုးချဲ့မှု၊ စိုက်ပျိုးရေးဘေးထွက်ပစ္စည်းများမှ ဇီဝလောင်စာ (Bio Fuel) ထုတ်လုပ်မှုကို မြှင့်တင်ရန်တို့ကိုပါ သဘောတူညီခဲ့ကြသည်။
Source; Thai PBS World
