ခြင်ရိုက်ရုံနဲ့ ဝင်ငွေရနိုင်မယ့် ထူးခြားဆန်းပြားသော စီးပွားရေးလုပ်ငန်းတစ်ခု ထိုင်းနိုင်ငံတွင် ရေပန်းစားလျက်ရှိသည်။ ထိုင်းမလေး (Lee) အမည်ရှိ အမျိုးသမီးတစ်ဦးသည် ခြင်အသေကောင်များကို အသုံးပြု၍ ညဘက်အလင်းထွက်သည့် အိတ်ဆွဲ (Keychain) များအဖြစ် ဖန်တီးကာ ဘတ်သောင်းနှင့်ချီသော ဝင်ငွေများ ရရှိနေခြင်းဖြစ်သည်။
သူမသည် အိမ်တွင်းရှိ ခြင်များကို စုဆောင်းရာမှတစ်ဆင့် လက်မှုအိတ်ဆွဲများအဖြစ် စတင်ဖန်တီးခဲ့ခြင်းဖြစ်ပြီး၊ လက်ရှိတွင် နိုင်ငံခြားသားခရီးသွားများကြား၌ အမှတ်တရလက်ဆောင်အဖြစ် အထူးဝယ်လိုအား မြင့်တက်နေသည်။ အဆိုပါ အိတ်ဆွဲများကို တစ်လုံးလျှင် ၁၄၉ ဘတ်ဖြင့် ရောင်းချပြီး ခြင်တစ်ကောင်ချင်းစီကို ပုံဖော်ရန်အတွက် ရက်ပေါင်းများစွာ အချိန်ပေးပြုလုပ်ရကြောင်း သိရသည်။
ထို့အပြင် သူမသည် ခြင်အသေကောင်များကို တစ်ကောင်လျှင် ၁ ဘတ်မှ ၂ ဘတ်အထိ ဈေးပေးကာ ပြန်လည်ဝယ်ယူလျက်ရှိပြီး၊ ရောင်းချသူများအနေဖြင့် ခြင်ကို သီးသန့်မွေးမြူခြင်းမပြုရန် စည်းကမ်းသတ်မှတ်ထားသည်။ ဤလုပ်ငန်းသည် ထူးဆန်းသော်လည်း မိမိဝါသနာပါရာကို စီးပွားဖြစ် ဖန်တီးနိုင်ကြောင်း သက်သေပြနေသည့် စံနမူနာတစ်ခုဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။
Source; Khaosod English
