လက်ရှိ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်၏ ဝမ်းကွဲညီအစ်ကိုဖြစ်သူ ဟွန်တိုက ၎င်းအနေဖြင့် အဆိုပါကုမ္ပဏီတွင် ရှယ်ယာများရှိခဲ့သော်လည်း စီမံခန့်ခွဲမှုပိုင်းတွင် ပါဝင်ခြင်းမရှိသလို အမြတ်အစွန်းများလည်း လက်ခံရရှိခြင်းမရှိဟု ၂၀၂၆ ခုနှစ်၊ မေလ ၆ ရက် (ဗုဒ္ဓဟူးနေ့) တွင် ထုတ်ပြန်ခဲ့ပါတယ်။
ဖနွမ်းပင်အခြေစိုက် Huione Group ကို အွန်လိုင်းငွေလိမ်လုပ်ငန်းများ၊ ခိုးယူထားသော ရန်ပုံငွေများနှင့် တရားမဝင် ဆိုင်ဘာလုပ်ငန်းများမှ ဒေါ်လာဘီလီယံနှင့်ချီ၍ ငွေကြေးခဝါချရာတွင် ကူညီပေးနေသည်ဟုဆိုကာ အမေရိကန်ဘဏ္ဍာရေးဌာနက ပြီးခဲ့သည့်နှစ်တွင် အမည်ပျက်စာရင်း သွင်းခဲ့ပါတယ်။ ကုမ္ပဏီမှတ်တမ်းများအရ တရုတ်နိုင်ငံသား Li Xiong က ၆၂ ရာခိုင်နှုန်းနှင့် ဟွန်တိုက ၃၀ ရာခိုင်နှုန်း ပိုင်ဆိုင်ထားခြင်း ဖြစ်ပါတယ်။ Li Xiong ကိုတော့ လောင်းကစားနှင့် ငွေလိမ်ဂိုဏ်းများတွင် ပါဝင်ပတ်သက်မှုဖြင့် ပြီးခဲ့သည့်လက တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့ရပါတယ်။
Huione Pay သည် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလတွင် လုပ်ငန်းများကို အပြီးသတ် ဖျက်သိမ်းခဲ့ပါတယ်။ ကြွေးမြီများ ပေးဆပ်ပြီးနောက် ဒေါ်လာ ၁.၁ သန်းကျော် လက်ကျန်ရှိခဲ့သော်လည်း ၎င်းအနေဖြင့် မည်သည့်ပိုင်ဆိုင်မှုကိုမျှ ခွဲဝေယူခဲ့ခြင်းမရှိဟု ဟွန်တိုက ငြင်းဆိုထားပါတယ်။ ကမ္ဘောဒီးယားနိုင်ငံသည် ဒေသတွင်း ဆိုင်ဘာငွေလိမ်လုပ်ငန်း (Scam Hub) များ၏ ဗဟိုချက်ဖြစ်နေခြင်းကြောင့် နိုင်ငံတကာ၏ ပြင်းထန်သော ဖိအားပေးမှုများကို ရင်ဆိုင်နေရပါတယ်။
Source;Khaosod English
