ဖူးခက်တွင် နိုင်ငံခြားသားမိသားစုက ကလေးငယ်များကို အသုံးပြု၍ ပစ္စည်းခိုးယူမှုဖြစ်ပွား

အဆိုပါဖြစ်စဉ် ဗီဒီယိုဖိုင်ကို “Phuket Times” Facebook စာမျက်နှာတွင် မေလ ၇ ရက်နေ့က ဖော်ပြခဲ့ပြီး၊ ၎င်းတို့သည် အစ္စရေးနိုင်ငံသားများဖြစ်နိုင်ကြောင်း သတင်းများထွက်ပေါ်နေသော်လည်း ရဲတပ်ဖွဲ့က တရားဝင် အတည်ပြုခြင်း မရှိသေးပါ။

CCTV မှတ်တမ်းအရ အမျိုးသမီး ၃ ဦးနှင့် ကလေးငယ် ၂ ဦး၊ စုစုပေါင်း ၅ ဦးပါဝင်သည့် မိသားစုသည် ဆိုင်အတွင်းသို့ ဝင်ရောက်လာပြီး တစ်ဦးချင်းစီ ခွဲ၍ ပစ္စည်းများ ကြည့်ရှုခဲ့ကြပါတယ်။ မိခင်ဖြစ်သူဟု ယူဆရသော အမျိုးသမီးက မုန့်ထုပ်တစ်ခုကို သားဖြစ်သူအား ပေးကမ်းခဲ့ပြီး၊ ကလေးငယ်က ၎င်း၏ အင်္ကျီအောက်တွင် ဝှက်၍ ဆိုင်ပြင်သို့ ထွက်သွားခဲ့ပါတယ်။ ထို့နောက် အဖွားဖြစ်သူဟု ယူဆရသူကလည်း အခြားပစ္စည်းတစ်ခုကို မြေးမလေးအား ပေး၍ ဆိုင်ပြင်သို့ ခေါ်ဆောင်သွားခဲ့ပါတယ်။ 

ဆိုင်ဝန်ထမ်းက ၎င်းတို့ကို တားဆီးပြီး ပစ္စည်းများ ပြန်ပေးရန်နှင့် မဟုတ်ပါက ရဲတိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သော်လည်း၊ ၎င်းတို့က ပြန်မပေးသည့်အပြင် “ဂရုမစိုက်ဘူး (I don’t care)” ဟု ပြန်လည် စိန်ခေါ်ခဲ့ကြပါတယ်။ ပါတောင်းရဲစခန်းမှ ရဲအရာရှိများ ရောက်ရှိလာခြင်း ရှိ၊ မရှိနှင့် အရေးယူထားမှု အခြေအနေကိုတော့ လက်ရှိအချိန်အထိ တရားဝင် ထုတ်ပြန်ထားခြင်း မရှိသေးပါ။

ပြီးခဲ့သည့် ဧပြီလအတွင်းကလည်း ဖူးခက်တွင် ကာရွန် (Karon) နယ်မြေရှိ အိမ်ရှေ့တွင် အခြောက်လှန်းထားသည့် ဘတ် ၄,၅၀၀ တန် အားကစားဖိနပ်ကို နိုင်ငံခြားသူတစ်ဦးက ခိုးယူသွားသည့်ဖြစ်စဉ်။ဆိုင်ကယ်ပေါ်တွင် ခဏတင်ထားသည့် ဂစ်တာကို နိုင်ငံခြားသား အမျိုးသား ၂ ဦးက ခိုးယူသွားသည့်ဖြစ်စဉ်များ ဖြစ်ပွားခဲ့ပါသေးတယ်။

Source;Thaiger