El Nino ကြောင့် ထိုင်းဆန်ဈေးကွက်နှင့် စိုက်ပျိုးရေးအခြေအနေ သုံးသပ်ချက်

ထိုင်းမိုးလေဝသဌာန၏ ခန့်မှန်းချက်အရ ၂၀၂၆ ခုနှစ် မေလမှ ဇူလိုင်လအတွင်း အယ်လ်နီညိုဖြစ်ပေါ်ရန် ၆၁% သေချာနေပြီး ယင်းအခြေအနေသည် နှစ်ကုန်ပိုင်းအထိ ဆက်လက်ရှိနေနိုင်ကြောင်း သိရပါတယ်။

၂၀၂၆ ခုနှစ်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မိုးရေချိန်သည် ပုံမှန်ထက် လျော့နည်းမည်ဖြစ်ပြီး အပူချိန်မှာမူ အနည်းငယ် ပိုမြင့်လာနိုင်ပါတယ်။ အထူးသဖြင့် အရှေ့မြောက်ပိုင်း (Isan) နှင့် တောင်ပိုင်းဒေသအချို့တွင် မိုးနည်းပါးမှုဒဏ်ကို ပိုမိုခံရနိုင်ပါတယ်။ စိုက်ပျိုးရေးစီးပွားရေးရုံး (OAE) ၏ ခန့်မှန်းချက်အရ ၂၀၂၅/၂၆ ခုနှစ် ဆန်စပါးထွက်ရှိမှုမှာ တန်ချိန် ၃၅.၄၄ သန်းခန့် ရှိမည်ဖြစ်ပြီး၊ မိုးစပါးထွက်နှုန်း ၀.၃၂% နှင့် နွေစပါးထွက်နှုန်း ၁.၆၃% အသီးသီး လျော့ကျနိုင်ဖွယ် ရှိပါတယ်။

မေလမှ ဩဂုတ်လအတွင်း ဆည်မြောင်းဧရိယာပြင်ပရှိ စိုက်ပျိုးမြေများတွင် ရေရှားပါးမှုပြဿနာကို ပြင်းပြင်းထန်ထန် ရင်ဆိုင်ရနိုင်ပါတယ်။

မိုးခေါင်ရေရှားမှု စိုးရိမ်ချက်များကြောင့် ဆန်တင်သွင်းသည့် နိုင်ငံများက ဝယ်လိုအား မြှင့်တင်လာကြပါတယ်။အယ်လ်နီညိုကြောင့် ဆန်ရိက္ခာစုဆောင်းမှုကို ၃ လစာမှ ၉ လစာအထိ တိုးမြှင့်လိုက်သဖြင့် ဆန်အမြောက်အမြား ဝယ်ယူရန် ရှိနေပါတယ်။

ယခုနှစ်တွင် ဆန်တန်ချိန် ၆.၅ သန်းအထိ တင်သွင်းရန် ခန့်မှန်းထားပြီး ယခင်နှစ်ထက် နှစ်ဆနီးပါး ပိုမိုဝယ်ယူလာနိုင်ဖွယ် ရှိပါတယ်။အိန္ဒိယတွင် အယ်လ်နီညိုကြောင့် ဆန်ထွက်နှုန်း ထိခိုက်ပြီး ပြည်ပပို့ကုန်များကို ကန့်သတ်လိုက်ပါက ထိုင်းဆန်အတွက် ဈေးကွက်ဝေစု ပိုမိုရရှိလာနိုင်ပါတယ်။

လက်ရှိတွင် ဝယ်လိုအား မြင့်တက်လာမှုကြောင့် ထိုင်းဆန် (5% broken rice) ဈေးနှုန်းမှာ တစ်တန်လျှင် ၄၀၈ ဒေါ်လာ ဝန်းကျင်အထိ မြင့်တက်လာနေပါတယ်။

Source;The Nation