ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Sihasak Phuangketkeow နှင့် ခရီးသွားလာရေးဝန်ကြီး Surasak Phancharoenworakul တို့က ယခုအစီအစဉ်နှင့် ပတ်သက်၍ အင်္ဂါနေ့တွင် အသေးစိတ် ထပ်မံရှင်းလင်းခဲ့ပါတယ်။
တာဝန်ရှိသူများ၏ အဆိုအရ ရက် ၆၀ ဗီဇာကင်းလွတ်ခွင့်သည် စစ်မှန်သော ခရီးသွားများအတွက် လိုအပ်သည်ထက် ပိုရှည်နေပြီး၊ အချို့သောသူများက ဤအခွင့်အရေးကို အသုံးချကာ ထိုင်းနိုင်ငံတွင် ရေရှည်နေထိုင်ပြီး ရာဇဝတ်မှုများ ကျူးလွန်ရန် လမ်းစဖြစ်စေသည်ဟု ယူဆကြပါတယ်။ လက်ရှိ နိုင်ငံပေါင်း ၉၃ နိုင်ငံအတွက် ပေးထားသော ရက် ၆၀ ဗီဇာ (P.60) ကို ဖျက်သိမ်းလိုက်သည် နှင့်တစ်ပြိုင်နက် ယခင်ကကျင့်သုံးခဲ့သည့် နိုင်ငံပေါင်း ၅၇ နိုင်ငံအတွက် ရက် ၃၀ ဗီဇာကင်းလွတ်ခွင့် (P.30) စနစ်က အလိုအလျောက် ပြန်လည်သက်ရောက်လာမှာ ဖြစ်ပါတယ်။
P.30 စနစ်ကို ပြန်လည်ကျင့်သုံးရာတွင် ယခင်က စာရင်းထဲ၌ မပါဝင်ခဲ့သော်လည်း ယခုအခါ ထိုင်းနိုင်ငံနှင့် သံတမန်ရေးအရသော်လည်းကောင်း၊ ခရီးသွားလုပ်ငန်းအရသော်လည်းကောင်း အရေးပါလာသည့် နိုင်ငံများကိုလည်း စာရင်းထဲတွင် ထည့်သွင်းနိုင်ရန် လုံခြုံရေးအဖွဲ့အစည်းများနှင့် ညှိနှိုင်းစစ်ဆေးသွားမှာ ဖြစ်ပါတယ်။ ဤအပြောင်းအလဲသည် မည်သည့်နိုင်ငံကိုမျှ သီးသန့်ပစ်မှတ်ထားခြင်းမဟုတ်ဘဲ ထိုင်းနိုင်ငံအတွင်း ခရီးသွားအမည်ခံကာ မကောင်းသောရည်ရွယ်ချက်ဖြင့် ဝင်ရောက်လာသူများကို စနစ်တကျ စီမံခန့်ခွဲရန်သာ ဖြစ်ကြောင်း အလေးပေးပြောကြားခဲ့ပါတယ်။
Source;The Nation
