ပတ္တရားယာဉ်တိုက်မှုမှတစ်ဆင့် အကြီးစား ရာဇဝတ်ဂိုဏ်းကို ဖော်ထုတ်မိ

စုံစမ်းစစ်ဆေးမှုများသည် အသက် ၃၁ နှစ်အရွယ် တရုတ်နိုင်ငံသား Sun Mingchen မောင်းနှင်လာသည့် ကားတစ်စီး ချောင်ဘူရီ (Chon Buri) ခရိုင်အတွင်း တိမ်းမှောက်ခဲ့ရာမှ စတင်ခဲ့ခြင်း ဖြစ်ပါတယ်။

ပြီးခဲ့သည့် မေလ ၈ ရက် ညနေပိုင်းတွင် ဘန်လာမုန်း (Bang Lamung) မြို့နယ်အတွင်း၌ ဆီဒင်ကားတစ်စီး တိမ်းမှောက်နေကြောင်း ရဲတပ်ဖွဲ့ထံ သတင်းရောက်ရှိခဲ့ပါတယ်။ ကားပေါ်တွင် မောင်းနှင်သူ Mr. Sun နှင့် ထိုင်ဝမ်အမျိုးသမီးတစ်ဦး ပါရှိသော်လည်း ပြင်းထန်သော ဒဏ်ရာရရှိမှု မရှိခဲ့ပါ။ ရဲတပ်ဖွဲ့က အခင်းဖြစ်ပွားရာကို စစ်ဆေးစဉ် ကားအတွင်း၌ တရားမဝင် လက်နက် (Handgun) တစ်လက်ကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဤတွေ့ရှိမှုကြောင့် Mr. Sun ကို ထိန်းသိမ်းခဲ့ပြီး စုံစမ်းစစ်ဆေးမှုများကို တိုးချဲ့လုပ်ဆောင်ခဲ့ပါတယ်။ 

ရဲတပ်ဖွဲ့က Mr. Sun ၏ နေအိမ်ကို ဆက်လက်ဝင်ရောက်စီးနင်းရာတွင် တရားမဝင် လက်နက်အမြောက်အမြားနှင့် ခဲယမ်းမီးကျောက်များကို ထပ်မံသိမ်းဆည်းရမိခဲ့ပါတယ်။ကနဦး စစ်ဆေးချက်များအရ ၎င်း၏ ငွေကြေးစီးဆင်းမှုနှင့် အပေါင်းအသင်းများသည် အိမ်နီးချင်းနိုင်ငံများရှိ အွန်လိုင်းငွေလိမ်ဂိုဏ်း (Scam Call Centres) များနှင့် ဆက်နွှယ်နေနိုင်ကြောင်း ရဲတပ်ဖွဲ့က သံသယရှိနေပါတယ်။

လက်ရှိတွင် ထိုင်းရဲတပ်ဖွဲ့သည် Mr. Sun ၏ ဗီဇာအခြေအနေ၊ ထိုင်းနိုင်ငံအတွင်း ဝင်ရောက်လာသည့် ရည်ရွယ်ချက်နှင့် ၎င်း၏ နောက်ကွယ်မှ အဆက်အသွယ်များကို အသေးစိတ် စစ်ဆေးနေပါတယ်။ အထူးသဖြင့် ၎င်းလက်ဝယ်ရှိ လက်နက်များကို မည်သည့်နေရာတွင် အသုံးပြုရန် ရည်ရွယ်ထားသည်ကို အဓိကထား စုံစမ်းနေခြင်း ဖြစ်ပါတယ်။

Source;Bangkok Post