မနေ့ကဖြစ်ပွားခဲ့တဲ့ ဘန်ကောက်မြို့လယ်ခေါင် မက္ကဆန်ရထားလမ်းကူး မတော်တဆမှုစုံစမ်းစစ်ဆေးချက်အရ တုန်လှုပ်ဖွယ်ရာ အချက်အလက်သစ်တစ်ခု ထပ်မံထွက်ပေါ်လာပါတယ်။ အရှိန်မလျှော့ဘဲ ဝင်တိုက်ခဲ့တဲ့ ကုန်တင်ရထားစက်ခေါင်းမောင်းသူဟာ မူးယစ်ဆေးဝါး သုံးစွဲထားကြောင်း (Positive) ကနဦးစစ်ဆေးချက်တွေအရ တွေ့ရှိရတယ်လို့ ထိုင်းရဲတပ်ဖွဲ့က တရားဝင်အတည်ပြုလိုက်ပါတယ်ဗျာ။
ထိုင်းရဲတပ်ဖွဲ့က အခင်းဖြစ်ပွားရာနေရာရှိ အချက်အလက်များနှင့် ဆက်သွယ်ရေးမှတ်တမ်းများကို စစ်ဆေးပြီးနောက် အောက်ပါအတိုင်း နောက်ထပ်အမှုဖွင့် အရေးယူမှုများ ပြုလုပ်ထားပါတယ် –
ရထားဒရိုင်ဘာအား ဆေးစစ်ချက်လုပ်ဆောင်ရာတွင် မူးယစ်ဆေးဝါးသုံးစွဲထားကြောင်း တွေ့ရှိရသဖြင့် ဓာတ်ခွဲခန်း (Laboratory) သို့ ပေးပို့ကာ ပိုမိုသေချာစေရန် ထပ်မံစစ်ဆေးနေပြီး ဥပဒေအရ ပြင်းထန်စွာ အရေးယူသွားမှာ ဖြစ်ပါတယ်။ သတိပေးချက်များ ရှိခဲ့သော်လည်း ရထားသည် ဘတ်စ်ကားကို မတိုက်မိခင် အရှိန်လျှော့ချခဲ့ခြင်း လုံးဝမရှိဘဲ ဝင်တိုက်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိရပါတယ်။

မနေ့ညနေပိုင်းမှာပဲ ရဲတပ်ဖွဲ့က ရထားလမ်းကူး ဂိတ်တံတားအကာအရံ ထိန်းချုပ်ရတဲ့ ဘူတာရုံဝန်ထမ်းကို “ပေါ့ဆမှုကြောင့် လူသေဆုံးမှုနှင့် ပြင်းထန်ဒဏ်ရာရရှိမှုဖြစ်စေခြင်း” ပုဒ်မနဲ့ ထပ်မံဖမ်းဆီး အမှုဖွင့်လိုက်ပါတယ်။ ၎င်းအား မူးယစ်ဆေးဝါး စစ်ဆေးရာတွင်မူ အဖြေ (Negative) ထွက်ရှိပြီး ဆေးသုံးစွဲထားခြင်း မရှိကြောင်း သိရပါတယ်။ ပေါ့ဆစွာမောင်းနှင်မှုနဲ့ အမှုဖွင့်ခံထားရတဲ့ ဘတ်စ်ကားဒရိုင်ဘာကတော့ လက်ရှိအချိန်အထိ ပြင်းထန်ဒဏ်ရာများကြောင့် ဆေးရုံတွင် ဆေးကုသမှုခံယူနေရဆဲဖြစ်လို့ ရဲတပ်ဖွဲ့က တရားဝင်စစ်ဆေးမေးမြန်းခြင်း မပြုရသေးပါဘူးဗျာ။
ဒီသေဆုံးမှုအစုလိုက်အပြုံလိုက်ဖြစ်ပွားခဲ့တဲ့ အဖြစ်ဆိုးကြောင့် ထိုင်းနိုင်ငံတော်ရထားလိုင်း (SRT) နဲ့ ဘန်ကောက်မြို့တော်အာဏာပိုင်အဖွဲ့ (BMA) တို့ ပူးပေါင်းပြီး ဘန်ကောက်မြို့အတွင်းရှိ ရထားလမ်းကူး (Level Crossings) တွေရဲ့ လုံခြုံရေးစံနှုန်းတွေကို အရေးပေါ်ပြန်လည်သုံးသပ် ဆွေးနွေးသွားဖို့ ရှိနေပါတယ်။ မက္ကဆန်ဒေသတစ်ဝိုက်မှာ ယာဉ်ကြောပိတ်ဆို့မှုနဲ့အတူ အခုလို ရထားလမ်းကူးအန္တရာယ်က မြို့ပြလုံခြုံရေးအတွက် ကြီးမားတဲ့ စိုးရိမ်စရာတစ်ခု ဖြစ်လာခဲ့လို့ပါပဲ။
Source; The Nation
