ယနေ့ ၂၀၂၆ ခုနှစ်၊ မေလ ၁၈ ရက် (တနင်္လာနေ့) နံနက်ပိုင်းက မြန်မာနိုင်ငံတောင်ပိုင်း ကမ်းရိုးတန်းအနီးကို ဗဟိုပြုပြီး အင်အားအသင့်အတင့်ရှိတဲ့ ငလျင်နှစ်ကြိမ် ဆက်တိုက်လှုပ်ခတ်သွားခဲ့တာကြောင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်အပါအဝင် ခရိုင် ၃ ခုမှာ တုန်ခါမှုတွေကို သိသိသာသာ ခံစားခဲ့ရကြောင်း ထိုင်းငလျင်စောင့်ကြည့်ရေးဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။
ငလျင်လှုပ်ခတ်မှု အခြေအနေအသေးစိတ်
▪️ပထမအကြိမ် ငလျင်: ထိုင်းစံတော်ချိန် နံနက် ၉:၀၅ နာရီ တွင် ရစ်ခ်တာစကေး ၅.၃ အဆင့် ရှိ ငလျင်လှုပ်ခတ်ခဲ့သည်။ ဗဟိုချက်မှာ မြန်မာနိုင်ငံတောင်ပိုင်းကမ်းရိုးတန်းအနီး မြေအောက် ၁၀ ကီလိုမီတာအနက်ဖြစ်ပြီး၊ ထိုင်းနိုင်ငံ တာ့ခ် (Tak) ခရိုင်၊ မဲဆောက်မြို့၏ အနောက်တောင်ဘက် ၂၄၇ ကီလိုမီတာအကွာကို ဗဟိုပြုခဲ့ခြင်း ဖြစ်သည်။
▪️ဒုတိယအကြိမ် ငလျင်: မိနစ်ပိုင်းအကြာ နံနက် ၉:၁၈ နာရီ တွင် ရစ်ခ်တာစကေး ၃.၂ အဆင့် ရှိ နောက်ဆက်တွဲငလျင် (Aftershock) တစ်ကြိမ် ထပ်မံလှုပ်ခတ်ခဲ့သည်။
▪️ငလျင်ဖြစ်ရသည့်အကြောင်းရင်း: ထိုင်းတွင်းထွက်သယံဇာတဦးစီးဌာန၏ ထုတ်ပြန်ချက်အရ ကပ္ပလီပင်လယ် (Andaman Sea) အတွင်းရှိ စစ်ကိုင်းပြတ်ရွေ့ (Sagaing fault) လှုပ်ရှားမှုကြောင့် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါတယ်။
ဒီငလျင်ကြောင့် ဘန်ကောက်၊ ချင်းမိုင် (Chiang Mai)၊ လန်ပန်း (Lampang) နဲ့ နွန်သဘူရီ (Nonthaburi) တို့မှာရှိတဲ့ ပြည်သူတွေက ငလျင်တုန်ခါမှုကို ခံစားခဲ့ရကြောင်း သတင်းပို့ချက် ၄၀ ခန့် ရှိခဲ့ပါတယ်။ အထူးသဖြင့် ဘန်ကောက်ရှိ အထပ်မြင့်အဆောက်အအုံပေါ်မှာ ရှိနေသူအများစုဟာ ခေါင်းမူးအော့အန်ချင်သလို ဝေဒနာမျိုးကို ခဏတာ ခံစားခဲ့ရပြီး၊ ကြိုတင်ကာကွယ်မှုအနေနဲ့ အထပ်မြင့်ရုံးအဆောက်အအုံအချို့က လူတွေကို ဘေးလွတ်ရာသို့ အရေးပေါ်ရွှေ့ပြောင်းပေးခဲ့ရပါတယ်။
လက်ရှိအချိန်အထိ ငလျင်ကြောင့် လူထိခိုက်ဒဏ်ရာရမှုနှင့် အဆောက်အအုံ ပျက်စီးဆုံးရှုံးမှုတစ်စုံတစ်ရာ မရှိသေးကြောင်း အာဏာပိုင်များက အတည်ပြုထားပါတယ်။
ဘန်ကောက် အဆောက်အအုံများ၏ ကြံ့ခိုင်မှု အခြေအနေ
ထိုင်းဆောက်လုပ်ရေးအင်ဂျင်နီယာများအသင်း ဥက္ကဋ္ဌ Amorn Pimanmas က ယနေ့လှုပ်ခတ်ခဲ့တဲ့ ငလျင်ဟာ ဘန်ကောက်က အဆောက်အအုံတွေရဲ့ ဖွဲ့စည်းပုံကြံ့ခိုင်မှုကို ထိခိုက်မှုမရှိနိုင်ကြောင်း ပြောကြားထားပါတယ်။ သို့သော်လည်း ဘန်ကောက်မြို့အောက်ခြေမှာ ရှိတဲ့ ပျော့ပျောင်းတဲ့ မြေဆီလွှာအခြေခံ (Soft soil foundation) ကြောင့် ငလျင်တုန်ခါမှုလှိုင်းတွေကို ပိုမိုပြင်းထန်လာစေပြီး အဆောက်အအုံတွေကို ယိမ်းခါစေခဲ့တာ ဖြစ်ပါတယ်။
ဘန်ကောက်ဒုမြို့တော်ဝန် Wisanu Subsompon ၏ ရှင်းပြချက်အရ –
အဆောက်အအုံတွေကို ထိခိုက်စေနိုင်တဲ့ တုန်ခါမှုနှုန်းဟာ ၂၅ မီလီ-ဂျီ (milli-G) နှင့်အထက် ရှိရမှာ ဖြစ်ပါတယ်။
ယနေ့နံနက်ပိုင်း ငလျင်တုန်ခါမှုမှာမူ ဘန်ကောက်ရှိ ငလျင်တိုင်းတာရေးဆင်ဆာတပ်ဆင်ထားတဲ့ အဆောက်အအုံ ၉ လုံးရဲ့ မှတ်တမ်းအရ ၂ မှ ၄ မီလီ-ဂျီ (milli-G) သာ ရှိခဲ့ပါတယ်။
(နှိုင်းယှဉ်ချက်အရ – လွန်ခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်က မြန်မာနိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ဧရာမငလျင်ကြီးတုန်းက ဘန်ကောက်မှာ တုန်ခါမှုနှုန်း ၁၂၃ မီလီ-ဂျီအထိ ရှိခဲ့ပြီး ဆောက်လုပ်ဆဲ ၃၃ ထပ်ရှိ ထိုင်းနိုင်ငံတော်စာရင်းစစ်ချုပ်ရုံး အဆောက်အအုံကြီး ပြိုကျပျက်စီးခဲ့ဖူးပါတယ်)
Source; Bangkok Post
