ထိုင်းနိုင်ငံလက်ရွေးစင် အိုက်စ်ဟော်ကီ ကစားသမား ချာနော့ခ်ချွန်း အသက် (၂၇) နှစ်အရွယ်တွင် ကွယ်လွန်

ထိုင်းနိုင်ငံလက်ရွေးစင် အိုက်စ်ဟော်ကီအသင်း၏ အဓိကကစားသမားတစ်ဦးဖြစ်သူ အသက် ၂၇ နှစ်အရွယ် ချာနော့ခ်ချွန်း (Chanokchon Limpinpetch) သည် သွေးတွင်းပိုးဝင်သည့် ဝေဒနာ (Severe bloodstream infection) ကြောင့် ၂၀၂၆ ခုနှစ်၊ မေလ ၁၇ ရက် တွင် ရုတ်တရက် ကွယ်လွန်သွားခဲ့ကြောင်း အားကစားအာဏာပိုင်များ၏ ထုတ်ပြန်ချက်အရ သိရပါတယ်ဗျာ။

သတင်းထုတ်ပြန်ချက်များအရ ချာနော့ခ်ချွန်းသည် မေလ ၁၅ ရက်က ချွန်ဖွန် (Chumphon) ခရိုင်မှ ဘန်ကောက်မြို့၊ ဘန်ဘွားထောင် (Bang Bua Thong) ရှိ နေအိမ်သို့ ရောက်ရှိလာခဲ့ပါတယ်။နံနက်အစောပိုင်းတွင် အပြင်းဖျားသဖြင့် ဆေးသောက်ခဲ့သော်လည်း ရောဂါလက္ခဏာ ပိုမိုဆိုးရွားလာခဲ့ပြီး၊ ထိုနေ့နံနက်ပိုင်းမှာပင် ကာဆမ်ရတ် (Kasemrad Hospital) ဆေးရုံသို့ အရေးပေါ် တက်ရောက်ကုသမှု ခံယူခဲ့ရပါတယ်။၎င်း၏အခြေအနေမှာ အဆိုးရွားဆုံးသို့ ရောက်ရှိသွားခဲ့ပြီး နှလုံးရပ်တန့်သွားခဲ့သဖြင့် ဆရာဝန်များက နာရီပေါင်းများစွာ အသက်ကယ်ရန် ကြိုးပမ်းခဲ့သော်လည်း မွန်းလွဲ ၁၂:၀၀ နာရီတွင် ကွယ်လွန်သွားခဲ့ပါတယ်။ဆရာဝန်များ၏ အဖြေထုတ်ပြန်ချက်အရ ၎င်းသည် ပြင်းထန်သော သွေးတွင်းပိုးဝင်ခြင်း (Bloodstream infection) ကြောင့် သေဆုံးခဲ့ရခြင်း ဖြစ်ပါတယ်။

ချာနော့ခ်ချွန်း (ကျောနံပါတ် ၄၂) သည် အသက် ၂၀ အရွယ် ကတည်းက ထိုင်းအမျိုးသားလက်ရွေးစင် အိုက်စ်ဟော်ကီအသင်းကြီးသို့ စတင်ဝင်ရောက်ခဲ့ပြီး ရှေ့တန်းတိုက်စစ်မှူး (Forward) အဖြစ် အသင်း၏ ဒုတိယအရန်လူစာရင်း (Second-line) တွင် မရှိမဖြစ် အဓိကကျောရိုးအဖြစ် ပါဝင်ကစားခဲ့သူ ဖြစ်ပါတယ်။

၎င်း၏ ထူးချွန်သော အောင်မြင်မှုများ –

▪️🥇 ၂၀၁၉ SEA Games: ရွှေတံဆိပ်ဆု (မနီလာမြို့)

▪️🥈 ၂၀၂၅ SEA Games: ငွေတံဆိပ်ဆု (ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့စဉ်)

▪️🏆 World Championship: Division III Group A တွင် ချန်ပီယံဆုရရှိခြင်း။

▪️🇨🇳 ၂၀၂၅ Asian Winter Games: တရုတ်နိုင်ငံ၊ ဟာဘင် (Harbin) မြို့၌ ကျင်းပခဲ့သည့် 

အာရှဆောင်းရာသီအားကစားပြိုင်ပွဲတွင် ထိုင်းနိုင်ငံကိုယ်စားပြုအဖြစ် သွားရောက်ယှဉ်ပြိုင်ခဲ့ခြင်း။

ထိုင်းနိုင်ငံ အိုက်စ်ဟော်ကီအသင်းချုပ် ဥက္ကဋ္ဌ ML. Kridsada Kasemsanta က ယခုဖြစ်ရပ်အပေါ် အလွန်အမင်း စိတ်မကောင်းဖြစ်ရပါကြောင်းနှင့် ချာနော့ခ်ချွန်းသည် စည်းကမ်းကောင်းမွန်ပြီး အလားအလာကောင်းများစွာရှိသည့် ထိုင်းနိုင်ငံအတွက် အစားထိုးမရသော အားကစားသမားကောင်းတစ်ဦးဖြစ်ကြောင်း အလေးအနက် ရည်ညွှန်းကာ ဝမ်းနည်းကြောင်း သဝဏ်လွှာ ပါးသတ်ခဲ့ပါတယ်။

Source;Khaosod