ပြင်သစ်တွင် PSG အသင်း ဖလားရ၍ အောင်ပွဲခံရာမှ ရုန်းရင်းဆန်ခတ်ဖြစ်ပွား၊ လူ ၇၈၀ ဖမ်းဆီးခံရ

ပြင်သစ်ကလပ် Paris Saint-Germain (PSG) အသင်း ချန်ပီယံလိဂ်ဗိုလ်စွဲအပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အောင်ပွဲခံရာတွင် အုပ်စုဖွဲ့အကြမ်းဖက်မှုများနှင့် လမ်းမပေါ်ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားခဲ့သဖြင့် လူ ၇၈၀ ဦး ဖမ်းဆီးခံခဲ့ရကာ လူသေဆုံးဒဏ်ရာရမှုများပါ ရှိခဲ့ကြောင်း ပြင်သစ်အာဏာပိုင်များက ထုတ်ပြန်လိုက်ပါတယ်ဗျာ။

ထောင်ပေါင်းများစွာသော ပရိသတ်များ လမ်းမပေါ်ထွက်လာရာမှ အချို့အုပ်စုများက ရဲတပ်ဖွဲ့ကို မီးရှူးမီးပန်းများဖြင့် ပစ်ပေါက်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးရဲတပ်ဖွဲ့ဝင် ၂၂,၀၀၀ ကျော်ဖြင့် နှိမ်နင်းခဲ့ရသည်။

ရုန်းရင်းဆန်ခတ်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၅၇ ဦးနှင့် အရပ်သား ၂၁၉ ဦး ဒဏ်ရာရရှိခဲ့ပြီး (၈ ဦး စိုးရိမ်ရ)၊ ပဲရစ်မြို့ပတ်လမ်းတွင် ဆိုင်ကယ်မှောက်၍ လူငယ်တစ်ဦး သေဆုံးခဲ့သည့်အပြင် လူတစ်ဦးလည်း ဓားဖြင့် ထိုးခံရသဖြင့် စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေသည်။

ယခုနှစ် ဖမ်းဆီးရမိသူ ၇၈၀ ဦး ရှိခဲ့ခြင်းသည် ပြီးခဲ့သည့်နှစ် အောင်ပွဲခံမှုများနှင့် နှိုင်းယှဉ်ပါက ပြစ်မှုကျူးလွန်မှု ၃၂ ရာခိုင်နှုန်းအထိ ပိုမိုမြင့်တက်လာခြင်း ဖြစ်သည်။

ဥရောပနိုင်ငံများတွင် ဘောလုံးပွဲကြီးများအပြီး အောင်ပွဲခံသည့်အခါ အစွန်းရောက်ပရိသတ်များကြောင့် မီးရှူးမီးပန်းပစ်ဖောက်ခြင်းနှင့် အကြမ်းဖက်မှုများ အမြဲဖြစ်ပွားတတ်သဖြင့် ထိုဒေသရှိ မြန်မာနိုင်ငံသားများအနေဖြင့် ပွဲအပြီး လူအုပ်ကြီးရှိရာနေရာများနှင့် မတည်ငြိမ်သော ဇုန်များကို အတတ်နိုင်ဆုံး ရှောင်ရှားကြရန် လိုအပ်ပါတယ်။

Source;Bangkok Post