ရနောင်းနှင့် ဖန်းငါတွင် မိုးသည်းထန်စွာရွာသွန်း၍ ရေကြီးရေလျှံမှုများဖြစ်ပွား – အစိုးရက ဖုန်းများသို့ အရေးပေါ်သတိပေးချက် (Cell Broadcast) များ ပေးပို့

ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်း (Ranong) နှင့် ဖန်းငါ (Phang Nga) ခရိုင်တို့တွင် ယနေ့ ၂၀၂၆ ခုနှစ်၊ မေလ ၁၉ ရက် (အင်္ဂါနေ့)တွင် မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးခြင်း၊ ချောင်းရေလျှံခြင်းနှင့် မြေပြိုခြင်း (Mudslides) ဘေးအန္တရာယ်များ ကြုံတွေ့ရနိုင်သဖြင့် ဘေးအန္တရာယ်ကာကွယ်ရေးနှင့် လျှော့ချရေးဦးစီးဌာန (DDPM) က ဒေသခံများ၏ လက်ကိုင်ဖုန်းများသို့ အရေးပေါ်ဆဲလ်သတိပေးချက် (Cell Broadcast) များ ပေးပို့ကာ နှိုးဆော်ထားပါတယ်ဗျာ။

DDPM ၏ ထုတ်ပြန်ချက်အရ မိုးရွာသွန်းမှု ပမာဏမှာ စိုးရိမ်ရသည့် အခြေအနေသို့ ရောက်ရှိနေပြီး မိုးဆက်လက်ရွာသွန်းမြဲ ရွာသွန်းနေဆဲ ဖြစ်ပါတယ်။

ရနောင်းခရိုင် (Ranong) ကာပေါ် (Kapoe) မြို့နယ်တွင် စုစုပေါင်းမိုးရေချိန် ၁၂၀ မီလီမီတာထက်မနည်း စံချိန်တင် ရွာသွန်းထားပါတယ်။ဖန်းငါခရိုင် (Phang Nga) မြို့တော် ဖန်းငါ၊ ခုရပူရီ (Khura Buri)၊ တကူအာပါး (Takua Pa) နှင့် ထိုင်းမောင်း (Thai Mueang) မြို့နယ်များတွင် သတိပေးချက် ထုတ်ပြန်ထားပြီး၊ တကူအာပါးမြို့နယ်တွင် မိုးရေချိန် ၁၅၀ မီလီမီတာကျော်အထိ ရရှိထားပါတယ်။

ဤအရေးပေါ်သတိပေးချက်ကို ပြည်သူများထံ အချိန်မီရောက်ရှိစေရန် DDPM သည် ထိုင်းနိုင်ငံရှိ မိုဘိုင်းလ်အော်ပရေတာကြီးများဖြစ်သည့် AIS, True Corporation နှင့် NTတို့နှင့် ပူးပေါင်းကာ ဒေသတွင်းရှိ ဖုန်းလိုင်းအားလုံးသို့ အချက်ပေးစာတိုများ တိုက်ရိုက်ပေးပို့ခဲ့ခြင်း ဖြစ်ပါတယ်။

ယနေ့နံနက် ၈:၀၀ နာရီခန့်ကတည်းက စတင်ကာ ဖန်းငါခရိုင်အတွင်း မိုးအဆက်မပြတ်ရွာသွန်းခဲ့ခြင်းကြောင့် နေရာအချို့တွင် ရေလွှမ်းမိုးမှုများ စတင်ဖြစ်ပွားခဲ့ပါတယ်။တကူအာပါးမြို့နယ်၊ ခုခတ် (Khuk Khak) ဆပ်ဒီစတြစ်ရှိ အဓိကလမ်းမကြီးဖြစ်သော ဖက်ကဆမ်လမ်းမကြီး (Phetkasem Road) (Andaman Hub ဆေးဘက်ဆိုင်ရာကွန်ရက်အနီး၊ ကီလိုမီတာတိုင် ၇၉၁+၉၈၀) တွင် ရေကြီးရေလျှံမှုကြောင့် ၄ လမ်းသွားလမ်းမကြီးအနက် ၎င်းလမ်းပိုင်းတွင် ၂ လမ်းသာ ယာဉ်များ ဖြတ်သန်းသွားလာနိုင်ပါတော့တယ်။

ဖန်းငါခရိုင် DDPM ရုံးနှင့် ခုခတ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်းကာ ရေစုပ်စက် ၂ လုံးဖြင့် လမ်းမပေါ်မှ ရေများကို အမြန်ဆုံး မောင်းထုတ်နေပြီး၊ ဖူးခက်အဝေးပြေးလမ်းမကြီးဌာနကလည်း ရေစီးရေလာကောင်းမွန်စေရန် လမ်းလယ်ကျွန်းအတားအဆီးအချို့ကို ဖယ်ရှားပေးခဲ့ပါတယ်။ ယာဉ်အန္တရာယ်ကင်းရှင်းစေရန် ရဲတပ်ဖွဲ့နှင့် လူထုကာကွယ်ရေးစေတနာ့ဝန်ထမ်းများက ယာဉ်ကြောထိန်းသိမ်းပေးလျက် ရှိပါတယ်။

အထူးသဖြင့် ကုန်းမြင့်ခြေရင်းဒေသများ၊ ချောင်းဘေးဝဲယာများနှင့် နိမ့်ဆင်းသော နေရာများတွင် နေထိုင်သူများအနေဖြင့် အောက်ပါအတိုင်း ကြိုတင်ပြင်ဆင်ထားရန် လိုအပ်ပါတယ်။အိမ်သုံးပစ္စည်းများနှင့် တန်ဖိုးရှိပစ္စည်းများ၊ အရေးကြီးစာရွက်စာတမ်းများကို ရေလွတ်ရာ အမြင့်ပိုင်းသို့ ရွှေ့ပြောင်းပါ။

ဒါအပြင်မိမိတို့၏ မော်တော်ကားနှင့် ဆိုင်ကယ်များကို ရေဘေးကင်းလွတ်မည့် ကုန်းမြင့်ပိုင်းများတွင် ကြိုတင်ရပ်နားထားပါ။ရေဝင်လာပါက လျှပ်စစ်ဓာတ်လိုက်မှု (Electric shock) မဖြစ်စေရန် မိန်းခလုတ်များ ချထားပြီး သတိပြုပါ။ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူများကဲ့သို့ ထိခိုက်လွယ်သည့်အုပ်စုများကို အထူးဂရုစိုက် စောင့်ရှောက်ပေးဖို့လိုအပ်ပါတယ်။

Source; The Nation