ပြီးခဲ့သည့် စနေနေ့က လူသေဆုံးမှုဖြစ်ပွားခဲ့သည့် မက္ကဆန်ရထားလမ်းကူး မတော်တဆမှုနေရာအနီးတွင် ယနေ့ ၂၀၂၆ ခုနှစ်၊ မေလ ၁၉ ရက် နံနက်ပိုင်းက အစားအသောက်ပို့ဆောင်သည့် Delivery Rider တစ်ဦး ရထားလမ်းဘေး၌ ဆီးသွားနေစဉ် ရထားဖြင့် တိုက်မိခြင်းကြောင့် ပြင်းထန်ဒဏ်ရာရရှိကာ သတိလစ်မေ့မြောသွားသည့် ဖြစ်စဉ်တစ်ခု ထပ်မံဖြစ်ပွားခဲ့ပါတယ်ဗျာ။
မက္ကဆန်ရဲစခန်းနှင့် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များ၏ ထုတ်ပြန်ချက်အရ မတော်တဆမှုသည် နံနက် ၁၁:၀၀ နာရီခန့်တွင် ကမ်ဖန်ဖတ် ၇ လမ်း (Kampaengphet 7 Road)၊ Mercure Bangkok Makkasan ဟိုတယ်အနီး ရထားလမ်းပေါ်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါတယ်။
မျက်မြင်သက်သေများ၏ အဆိုအရ အဆိုပါ ဒရိုင်ဘာသည် ၎င်း၏ဆိုင်ကယ်ကို လမ်းဘေးတွင် ရပ်တန့်ခဲ့ပြီးနောက် ရထားလမ်းဘေး၌ ဆီးသွားရန် သွားရောက်ခဲ့ခြင်း ဖြစ်ပါတယ်။ ထိုစဉ် ရထားလာနေသည်ကို ဆိုင်ကယ်ဦးထုပ်ဆောင်းထားပြီး နားကြပ် (Earphones) တပ်ထားခြင်းကြောင့် မကြားဘဲ ရှိနေခဲ့သည်ဟု ယူဆရပါတယ်။

ထိုင်းနိုင်ငံတော်ရထားလိုင်း (SRT) ၏ ထုတ်ပြန်ချက်အရ ဤမတော်တဆမှုသည် ကာယကံရှင်၏ ပေါ့ဆမှုကြောင့် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါတယ်။ ၎င်းသည် ဆိုင်းဘုတ်တားမြစ်ထားသည့် နေရာတွင် ဆိုင်ကယ်ရပ်ကာ လမ်းနှင့် ရထားလမ်းကို ခြားနားထားသည့် အကာအရံတံတိုင်းကို ကျော်တက်၍ ရထားလမ်းဘေးအထိ ဝင်ရောက်ကာ ဆီးသွားခဲ့ခြင်း ဖြစ်ပါတယ်။ရထားမောင်းသူက ရထားလာနေကြောင်း သတိပေးသည့်အနေဖြင့် ဟွန်းကို အကျယ်ကြီး တီးခဲ့သော်လည်း ဒရိုင်ဘာက မကြားဘဲ ရှိနေခဲ့ခြင်းကြောင့် ရထားကို အချိန်မီ မရပ်တန့်နိုင်တော့ဘဲ တိုက်မိခဲ့ခြင်း ဖြစ်ပါတယ်။
Rider မှာ ခန္ဓာကိုယ်အနှံ့ ပြင်းထန်ဒဏ်ရာများရရှိကာ သတိလစ်နေသဖြင့် ကယ်ဆယ်ရေးအဖွဲ့များက ကနဦးအသက်ကယ်ပြုစုမှုများ လုပ်ဆောင်ပြီး အနီးဆုံးဆေးရုံသို့ ပို့ဆောင်ထားရပါတယ်။ ယခုဖြစ်စဉ်ကြောင့် ရထားခရီးစဉ် ၂၂ မိနစ်ကျော် ကြန့်ကြာသွားခဲ့ရပါတယ်။
ဤဖြစ်စဉ်သည် ပြီးခဲ့သည့် မေလ ၁၆ ရက် (စနေနေ့) က ကုန်တင်ရထားနှင့် ဘတ်စ်ကားတို့ တိုက်မိပြီး လူသေဆုံးမှုဖြစ်ပွားခဲ့သည့် နေရာနှင့် အလွန်နီးကပ်သဖြင့် အွန်လိုင်းပေါ်တွင် ဝေဖန်မှုများ ပြင်းထန်နေပါတယ်။ထိုဖြစ်စဉ်ဖြစ်ပြီးနောက် အာဏာပိုင်များက “ရထားသံလမ်းနှင့် ၅ မီတာအတွင်း မည်သည့်ယာဉ်မျှ မရပ်တန့်ရ” ဟု တင်းကျပ်သော သတိပေးချက်များ ထုတ်ပြန်ခဲ့သော်လည်း၊ လက်ရှိတွင် ဘန်ကောက်မြို့ခံ ယာဉ်မောင်းအများစုမှာ ယာဉ်ကြောပိတ်ဆို့သည့်အခါ ရထားလမ်းကူး သံလမ်းများပေါ်တွင် ကားနှင့် ဆိုင်ကယ်များကို ပုံမှန်အတိုင်း ဆက်လက်ရပ်တန့်နေကြဆဲဖြစ်ကြောင်း လူမှုကွန်ရက်ပေါ်ရှိ ဗီဒီယိုများနှင့် ဓာတ်ပုံများအရ တွေ့ရှိရပါတယ်။
Source;Thaiger
