အနုတင်က မာဖီးယားဂိုဏ်းများနှင့် မူးယစ်ဆေးဝါးများကို အပြတ်ရှင်းရန် အမိန့်ထုတ် – မည်သူမျှ ဥပဒေအထက်တွင်မရှိစေရဟု သတိပေး

ထိုင်းဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီးဖြစ်သူ မစ္စတာ အနုတင် ချာန်ဗီရာကူးလ် (Anutin Charnvirakul) က မူးယစ်ဆေးဝါးများ၊ ဆိုက်ဘာရာဇဝတ်မှုများနှင့် အရှိန်အဝါရှိ မာဖီးယားဂိုဏ်းများ၏ လွှမ်းမိုးမှုများကို အမြစ်ပြတ်ချေမှုန်းမည့် “စစ်ပွဲ” ကို ၂၀၂၆ ခုနှစ်၊ မေလ ၂၂ ရက် တွင် တရားဝင်ကြေညာလိုက်ပြီး၊ မည်သည့်အရှိန်အဝါရှိသူမျှ ဥပဒေအထက်တွင် မရှိစေရဟု ပြတ်ပြတ်သားသား သတိပေးလိုက်ပါတယ်။

သာမန်ပြည်သူများနှင့် အရှိန်အဝါရှိသူများ အများပြည်သူသွားလာရာနေရာများတွင် သေနတ်ကိုင်ဆောင်ခွင့်ကို လုံးဝခွင့်မပြုဘဲ တွေ့ရှိပါက ချက်ချင်းဖမ်းဆီးရန် အမိန့်ပေးထားပါတယ်။ “ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ဖို့ ပြည်သူတွေ သေနတ်ကိုင်ထားစရာ အကြောင်းမရှိဘူး။ ပြည်သူကို ကာကွယ်ဖို့က ကျွန်တော်တို့ တာဝန်” ဟု ၎င်းက ဆိုပါတယ်။

ဥပဒေအထက် ရောက်နေသည်ဟု ထင်မှတ်ကာ အရာရှိများကို “မင်း ငါ့ကို ဘယ်သူမှတ်နေလဲ” ဟု ခြိမ်းခြောက်တတ်သည့် အရှိန်အဝါရှိသူများနှင့် ပတ်သက်၍လည်း ဝန်ကြီးက ပြတ်ပြတ်သားသား ပြောဆိုခဲ့ပါတယ်။ “အကယ်၍ သူတို့ကိုယ်တိုင်တောင် သူတို့ဘယ်သူလဲဆိုတာ မသိရင် ခင်ဗျားတို့လည်း သိနေစရာမလိုဘူး။ ဥပဒေအတိုင်းသာ ပြတ်ပြတ်သားသား အရေးယူလိုက်ပါ” ဟု အရာရှိများကို ရဲရဲဝံ့ဝံ့ ဆောင်ရွက်ရန် တိုက်တွန်းခဲ့ပါတယ်။

အွန်လိုင်းလောင်းကစားလုပ်ငန်းများနှင့် Call Center အဝယ်လိမ်လည်သည့် ဂိုဏ်းများကို ပိုမိုတင်းကျပ်စွာ နှိမ်နင်းရန် အမိန့်ပေးထားပြီး၊ ၎င်းတို့နောက်ကွယ်က ငွေကြေးထောက်ပံ့သူ (Financiers) များနှင့် ရာဇဝတ်ကွန်ရက်တစ်ခုလုံးကိုပါ ဖော်ထုတ်ဖမ်းဆီးသွားမည် ဖြစ်သည်။

ရလဒ်မပြနိုင်သည့် အရာရှိများ ရာထူးမှ ဖယ်ရှားခံရနိုင်ခြေ ရှိနေပြီး ဘဏ္ဍာရေးနှစ်ကုန်ဆုံးမည့် လာမည့် စက်တင်ဘာလတွင် မည်သူက မိမိရာထူးနေရာနှင့် သင့်တော်သလဲဆိုတာ သိသာထင်ရှားလာမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

Source; Bangkok Post