ထိုင်းနိုင်ငံတွင် လွန်ခဲ့သည့် တစ်နှစ်အတွင်း NB.1.8.1 ဗီဇပြောင်းမျိုးကွဲသည် အဓိက ကူးစက်ပြန့်ပွားနေသည့် သာလွန်မျိုးကွဲ (Dominant Variant) ဖြစ်လာခဲ့သော်လည်း၊ အဆိုပါမျိုးကွဲသည် ပိုမိုမြန်ဆန်စွာ ကူးစက်ခြင်း သို့မဟုတ် ပိုမိုပြင်းထန်သော ရောဂါလက္ခဏာများ ဖြစ်ပွားစေခြင်း မရှိကြောင်း ထိုင်းကျန်းမာရေးအာဏာပိုင်များက အတည်ပြုထုတ်ပြန်ထားပါတယ်။
ထိုင်းရောဂါထိန်းချုပ်ရေးဦးစီးဌာန (DDC) ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မွန်ထီယန် ကာနာဆာဝပ် (Dr Montien Kanasawat) ၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် အပတ်နှင့်နှိုင်းယှဉ်ပါက ကိုဗစ်-၁၉ ကူးစက်မှု အရေအတွက် အနည်းငယ် မြင့်တက်လာသော်လည်း အစုလိုက်အပြုံလိုက် ကူးစက်မှု (Cluster outbreaks) များနှင့် ထူးခြားသည့် သေဆုံးမှုအသစ်များ အစုလိုက်ဖြစ်ပွားခြင်း မရှိသေးကြောင်း သိရပါတယ်။
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလမှ မေလ ၂၃ ရက်နေ့အထိ တစ်နိုင်ငံလုံးတွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၃,၆၄၂ ဦး ရှိခဲ့ပြီး သေဆုံးသူ ၁ ဦး သာ ရှိခဲ့ပါတယ်။အသက် ၃၀ မှ ၃၅ နှစ် ကြား လူငယ်/လူလတ်ပိုင်းများတွင် အများဆုံးတွေ့ရှိရပြီး၊ ၎င်းနောက်တွင် အသက် ၆၀ နှင့်အထက် သက်ကြီးရွယ်အိုများနှင့် အသက် ၂၀ မှ ၂၉ နှစ်ကြား အရွယ်များက ဒုတိယနှင့် တတိယအများဆုံး ဖြစ်ပါတယ်။လွန်ခဲ့သည့် တစ်လအတွင်း ကူးစက်မှုနှုန်း မြင့်တက်လာသည်မှာ မှန်သော်လည်း၊ လွန်ခဲ့သည့် ၅ နှစ်တာကာလအတွင်း ဖြစ်ပွားခဲ့သည့် ပျမ်းမျှကူးစက်မှုနှုန်းအောက်တွင်သာ ရှိနေဆဲ ဖြစ်ပါတယ်။
ကျန်းမာရေးဦးစီးဌာနအနေဖြင့် ကူးစက်မှုလှိုင်းအသစ်များ မဖြစ်ပေါ်စေရန်အတွက် လူဦးရေထူထပ်သော နေရာများ၊ အများပြည်သူနှင့် သက်ဆိုင်သော နေရာများသို့ သွားရောက်သည့်အခါ နှာခေါင်းစည်း (Mask) တပ်ဆင်ရန် နှင့် လက်ကို စနစ်တကျ မကြာခဏ ဆေးကြောရန်နှင့် အထူးသဖြင့် ရောဂါကူးစက်လွယ်သည့် ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများနှင့် နာတာရှည်ရောဂါအခံ ရှိသူများကို အထူးဂရုစိုက် စောင့်ရှောက်ရန်ဖြစ်ပါတယ်။
အကယ်၍ ဖျားခြင်း၊ ချောင်းဆိုးခြင်းစသည့် ကိုဗစ်သံသယလက္ခဏာများ ခံစားရပါက နီးစပ်ရာ ဆေးဝါးကုသမှုအကူအညီကို ချက်ချင်းရယူရန် နှိုးဆော်ထားပါတယ်။
Source;Bangkok Post
