ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အီးဒ်ပွဲတော် (Eid al-Adha) တွင် ယဇ်ပူဇော်ရန် စီစဉ်ထားသည့် “ဒေါ်နယ်ထရမ့်” (Donald Trump)ဟု အမည်ရသော ရှားပါးရွှေဝါရောင် အယ်လ်ဘိုင်နိုကျွဲ (ကျွဲဖြူ) ကြီးကို ဘင်္ဂလားဒေ့ရှ်အစိုးရက နောက်ဆုံးမိနစ်တွင် မသတ်ရန် အရေးပေါ်တားမြစ်လိုက်ပြီး မြို့တော်ဒါကာရှိ အမျိုးသားတိရစ္ဆာန်ဥယျာဉ်သို့ ပို့ဆောင်စောင့်ရှောက်ရန် စီစဉ်လိုက်ကြောင်း သိရပါတယ်ဗျာ။
ကိုယ်အလေးချိန် ကီလိုဂရမ် ၇၀၀ နီးပါးရှိသည့် အဆိုပါ ကျွဲကြီးသည် ၎င်း၏ဦးခေါင်းပေါ်တွင် အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်၏ ဆံပင်စတိုင်နှင့်ဆင်တူသည့် ထူးခြားသော ရွှေဝါရောင်အမွှေးများ ရှိနေခြင်းကြောင့် လူမှုကွန်ရက်တွင် ဗိုင်းရယ် (Viral) ဖြစ်ကာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျော်ကြားသွားခဲ့သည်။
ကျွဲကြီး အသတ်ခံရခါနီး နာရီပိုင်းအလိုတွင် ပြည်ထဲရေးဝန်ကြီးက ယဇ်ပူဇော်မှုကို ရပ်နားရန် အမိန့်ထုတ်ခဲ့ပြီး၊ ဝယ်ယူထားသူကိုလည်း အစိုးရက ငွေပြန်အမ်းပေးခဲ့သည်။ အကြောင်းရင်းမှာ ပြည်သူများ၏ အထူးတလည်စိတ်ဝင်စားမှုနှင့် လုံခြုံရေးဆိုင်ရာ စိုးရိမ်ရမှုများကြောင့် ဖြစ်သည်။
ဘင်္ဂလားဒေ့ရှ်တွင် ကျွဲဖြူ (Albino) မျိုးမှာ အလွန်ရှားပါးသဖြင့် ၎င်းကို ဒါကာအမျိုးသားတိရစ္ဆာန်ဥယျာဉ်သို့ ပို့ဆောင်ကာ သီးသန့်ခြံဝင်း၊ သီးသန့်အထိန်းတော်ဖြင့် ထားရှိမည်ဖြစ်ပြီး၊ လက်ရှိတွင် လုပ်ထုံးလုပ်နည်းအတိုင်း ၂ ပတ်ကြာ ရောဂါစစ်ဆေးရေး ကွာရန္တင်း ဝင်နေသည်။
ဒီကျွဲဖြူကြီးဟာ ထူးခြားတဲ့ သဘာဝအသွင်အပြင်နဲ့ အွန်လိုင်းပေါ်က နာမည်ကျော်ကြားမှုကြောင့် ပွဲတော်ကာလ ယဇ်ပူဇော်ခံရမယ့် သေဘေးကနေ ကံကောင်းစွာ လွတ်မြောက်ပြီး တိရစ္ဆာန်ဥယျာဉ်မှာ သက်တမ်းစေ့ နေထိုင်ခွင့် ရရှိသွားတာဟာ တကယ့်ကို ထူးခြားဆန်းပြားတဲ့ သတင်းလေးတစ်ခု ဖြစ်ပါတယ်။
Source;Thairath
