ထိုင်းနိုင်ငံ၊ ကန်ချနဘူရီတွင် ပျောက်ဆုံးနေသည့် ၇ နှစ်အရွယ် မိန်းကလေး ရုပ်အလောင်းတွေ့၊ မြန်မာနိုင်ငံသားတစ်ဦးကို ဖမ်းဆီးစစ်ဆေးနေ

ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်၊ ဆံခလပူရီမြို့နယ်ရှိ ရာဘာစိုက်ခင်းတစ်ခုအတွင်း ပျောက်ဆုံးနေသည်မှာ ၂ ရက်ရှိပြီဖြစ်သော အသက် ၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး၏ ရုပ်အလောင်းကို ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁ ရက် တွင် ဒဏ်ရာများနှင့်အတူ တွေ့ရှိခဲ့ရပြီး၊ ရဲတပ်ဖွဲ့က အနီးအနားတွင် နေထိုင်သည့် မူးယစ်ဆေးသုံးစွဲထားသော မြန်မာနိုင်ငံသားတစ်ဦးကို သံသယရှိသူအဖြစ် ထိန်းသိမ်းထားပါတယ်။

ကလေးငယ်သည် မုန့်ဝယ်ရန် အိမ်မှထွက်သွားပြီးနောက် ပျောက်ဆုံးသွားခဲ့ခြင်း ဖြစ်သည်။ ရာဘာစိုက်ခင်းအတွင်း ရှာဖွေတွေ့ရှိချိန်တွင် မျက်နှာ၌ မာကျောသောအရာဖြင့် အထုခံထားရသည့် ညိုမည်းဒဏ်ရာများနှင့် မေးစေ့အောက်တွင် ပြတ်ရှဒဏ်ရာ ၂ ချက် တွေ့ရှိခဲ့ရသည်။

အခင်းဖြစ်ပွားရာအနီးတွင် နေထိုင်သည့် အသက် ၄၅ နှစ်အရွယ် မြန်မာနိုင်ငံသားတစ်ဦးကို ဖမ်းဆီးစစ်ဆေးရာ ဆီးအတွင်း မူးယစ်ဆေးဝါးသုံးစွဲထားကြောင်း (ခရမ်းရောင်ဆီး) စစ်ဆေးတွေ့ရှိရသည်။ ၎င်း၏ ထွက်ဆိုချက်များမှာ ရှေ့နောက်မညီဘဲ လိမ်လည်နေသဖြင့် ရဲစခန်းတွင် ဆက်လက်စစ်ဆေးနေသည်။

နယ်စပ်နှင့် စိုက်ခင်းဒေသများတွင် နေထိုင်ကြသည့် မြန်မာရွှေ့ပြောင်းလုပ်သား မိဘများအနေဖြင့် မူးယစ်ဆေးဝါးအန္တရာယ်ကြောင့် ယခုကဲ့သို့ ရာဇဝတ်မှုဆိုးများ ဖြစ်ပွားတတ်သဖြင့် မိမိတို့၏ သားသမီးငယ်များကို အဖော်မပါဘဲ အပြင်သို့ တစ်ယောက်တည်း လုံးဝမလွှတ်ကြရန်နှင့် မျက်စိအောက်က အပျောက်မခံဘဲ အထူးဂရုစိုက်ကြရန် လိုအပ်ပါတယ်။

Source;Thairath