ထိုင်းနိုင်ငံမြောက်ပိုင်း၊ ဖယောင်း (Phayao) ခရိုင်ဖယောင်းခရိုင်တွင် ပုန်းရှောင်နေသည့် မြန်မာလုပ်သား ၆၃ ဦး ဖမ်းဆီးခံရ

ဖယောင်းခရိုင် အုပ်ချုပ်ရေးမှူးနှင့် ရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေး (လဝက)၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနတို့ ပူးပေါင်းပြီး လူကုန်ကူးမှု ရှိ၊ မရှိ စစ်ဆေးရန်အတွက် ယခုစစ်ဆင်ရေးကို လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပါတယ်။

စုစုပေါင်း ၆၃ ဦးဖြစ်ပြီး အမျိုးသား ၃၃ ဦးနှင့် အမျိုးသမီး ၃၀ ဦး ပါဝင်ပါတယ်။ အဲဒီအထဲမှာ ပအိုဝ်း၊ ရှမ်းနှင့် ကရင် တိုင်းရင်းသားများ ပါဝင်ပြီး အသက် ၁၈ နှစ်အောက် ကလေး ၃ ဦးလည်း ပါဝင်နေပါတယ်။၎င်းတို့အားလုံးဟာ ချင်းရိုင်ခရိုင်၊ မယ်ဆိုင် (Mae Sai) လမ်းကြောင်းကတစ်ဆင့် ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ခိုးဝင်လာကြသူများ ဖြစ်ပါတယ်။

ဖမ်းဆီးခံရသူများသည် ဖယောင်းရှိ ဘေးကင်းလုံခြုံသည့်အိမ် (Safe House) တွင် ခေတ္တပုန်းရှောင်နေကြခြင်းဖြစ်ပြီး၊ ထိုမှတစ်ဆင့် ဘန်ကောက် နှင့် ဖစ်စနူးလော့ (Phitsanulok) ဘက်သို့ ဆက်လက်ထွက်ခွာရန် စောင့်ဆိုင်းနေကြခြင်း ဖြစ်ပါတယ်။ပွဲစားများဖြစ်ကြသော “Sam” နှင့် “Palm” ဆိုသူများကို တစ်ဦးလျှင် ဘတ် ၈,၅၀၀ မှ ၁၀,၀၀၀ အထိ ပေးဆောင်ခဲ့ရကြောင်း ထွက်ဆိုထားပါတယ်။ အချို့မှာ နယ်စပ်ဖြတ်ကျော်ခွင့် လက်မှတ် (Border Pass) ကိုင်ဆောင်ထားသော်လည်း ထိုင်းဥပဒေအရ တရားဝင် ဝင်ရောက်ခွင့် မရှိကြသူများ ဖြစ်ပါတယ်။

လူကြီးများကို တရားမဝင် ခိုးဝင်မှုဖြင့် အမှုဖွင့် အရေးယူထားပြီး၊ ကလေး ၃ ဦးကိုတော့ လူကုန်ကူးမှုဆိုင်ရာ စစ်ဆေးမှုများ ပြုလုပ်ရန်အတွက် ကလေးနှင့် မိသားစု စောင့်ရှောက်ရေးဂေဟာသို့ ပို့ဆောင်ထားပါတယ်။

Source;Khaosod English