ဘန်ကောက်မှာ တရုတ်ပိုင်ဂိုဒေါင်တစ်ခုတွင် ကျန်းမာရေးနှင့် အလှကုန်ပစ္စည်းအတု ၁၅,၀၀၀ နီးပါး ဖမ်းဆီးရမိ

ထိုင်းအလယ်ပိုင်း စုံစမ်းစစ်ဆေးရေးဗျူဟာ (CIB)၊ စားသုံးသူကာကွယ်ရေးရဲတပ်ဖွဲ့ (CPPD) နှင့် ထိုင်းအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) တို့ ပူးပေါင်းကာ ဘန်ကောက်၊ လတ်ကရဗန်း (Lat Krabang) ဒေသရှိ ဂိုဒေါင်တစ်ခုကို ဝင်ရောက်စီးနင်းခဲ့ရာ၊ ကာလတန်ဖိုး ဘတ် ၂ သန်းကျော်တန်ဖိုးရှိ တရားမဝင် ဖြည့်စွက်စာနှင့် အလှကုန်ပစ္စည်းပေါင်း ၁၄,၉၃၉ ခုကို မနေ့က (၂၀၂၆ ခုနှစ်၊ ဇွန်လ ၅ ရက်) တွင် ဖမ်းဆီးရမိခဲ့ပါတယ်ဗျာ။

ထိုင်း FDA က အွန်လိုင်းပေါ်တွင် ရောင်းချနေသည့် VTEAY Magnesium Glycinate + Zinc အမည်ရှိ ဖြည့်စွက်စာသည် အခြားပစ္စည်းတစ်ခု၏ FDA နံပါတ်ကို ခိုးယူအသုံးပြုထားကြောင်း (လိုင်စင်အတုဖြစ်ကြောင်း) စစ်ဆေးတွေ့ရှိရာမှတစ်ဆင့် စုံစမ်းကာ ယခုဂိုဒေါင်ကို ဝင်ရောက်စီးနင်းခဲ့ခြင်း ဖြစ်သည်။

အဆိုပါဂိုဒေါင်ကို တရုတ်နိုင်ငံသားတစ်ဦးက ငှားရမ်းထားပြီး၊ ပြည်ပမှ မှောင်ခိုသွင်းလာသည့် ကုန်ပစ္စည်းအတုများကို အွန်လိုင်းတွင် “Official Store” ဟု အယောင်ဆောင်ကာ တစ်ရက်လျှင် ပစ္စည်းအခုရေ ၃,၀၀၀ ခန့်အထိ တစ်နိုင်ငံလုံးသို့ ဖြန့်ဖြူးရောင်းချနေသည်မှာ ၁ နှစ်ခန့် ရှိပြီဖြစ်သည်။

ဖမ်းဆီးရမိသည့် ဖြည့်စွက်စာတွင် မဂ္ဂနီဆီယမ် ပါဝင်မှု 600 mg အထိ ရှိနေပြီး ထိုင်းဥပဒေအရ ခွင့်ပြုထားသည့် သတ်မှတ်ချက် (350 mg) ထက် ကျော်လွန်နေသဖြင့် ၎င်းကို “ဆေးဝါး” အဆင့်အဖြစ် သတ်မှတ်ကာ လိုင်စင်မဲ့ဆေးဝါးရောင်းချမှု၊ အလှကုန်နှင့် တိုင်းရင်းဆေးဥပဒေ ချိုးဖောက်မှု၊ ထိုင်းစာအညွှန်းမပါရှိမှု စသည့် ပြစ်မှုများစွာဖြင့် တရားစွဲဆိုထားသည်။

Source;Bangkok Post