ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်ရှိ ရော်ဘာစိုက်ခင်းတစ်ခုအတွင်း ပျောက်ဆုံးနေသည့် အသက် ၇ နှစ်အရွယ် မိန်းကလေးငယ် “Nong Angoon” ၏ ရုပ်အလောင်းကို ဇွန်လ ၁ ရက်နေ့က ပြန်လည်တွေ့ရှိခဲ့ရပြီးနောက်၊ သူမအား ကျီစယ်ကစားရာမှ အသက်ရှူကျပ် သေဆုံးစေခဲ့ကြောင်း ဝန်ခံခဲ့သည့် ဆွေမျိုးတော်စပ်သူ ဆယ်ကျော်သက် ၂ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။
ကွယ်လွန်သူ မိန်းကလေးငယ်သည် မေလ ၃၀ ရက်နေ့က အိမ်တွင် သူမ၏ အသက် ၁၇ နှစ်အရွယ် ဦးလေးတော်စပ်သူ “Pae” နှင့် အသက် ၁၃ နှစ်အရွယ် အစ်မတော်စပ်သူ “Kanda” တို့နှင့်အတူ ရှိနေခဲ့သည်။ စနောက်ကျီစယ်ရာမှ မြေသြဇာအိတ်ခွံကို မိန်းကလေးငယ်၏ ခေါင်းတွင် စွပ်ကာ လည်ပင်းညှစ်သလိုမျိုး ဟန်ဆောင်ကစားခဲ့ကြသည်။
ကစားနေစဉ် မိန်းကလေးငယ်သည် ရုတ်တရက် ငြိမ်သက်သွားခဲ့ပြီး အိတ်ကို ဖယ်ရှားကြည့်ရာတွင် အသက်သေဆုံးနေသည်ကို တွေ့ရှိခဲ့ရသည်။ ဆယ်ကျော်သက်နှစ်ဦးသည် ထိတ်လန့်တုန်လှုပ်သွားကာ ပြစ်မှုဖုံးကွယ်ရန်အတွက် ရုပ်အလောင်းကို ဘီရို (Wardrobe) ထဲသို့ ထည့်သွင်း ဝှက်ထားခဲ့သည်။
ထို့နောက် ၎င်းနေ့ ညနေ ၃:၀၀ နာရီခန့်တွင် ဘေးတွဲဆိုင်ကယ် (Motorcycle with a sidecar) ဖြင့် တောတွင်းရော်ဘာစိုက်ခင်းရှိ ဝါးရုံပင်အောက်တွင် သွားရောက်စွန့်ပစ်ခဲ့ပြီးနောက် အိမ်သို့ ပြန်လာကာ ဘာမှမဖြစ်ခဲ့သလိုမျိုး ဆက်လက်နေထိုင်ခဲ့ကြသည်။
ယနေ့ (၂၀၂၆ ခုနှစ်၊ ဇွန်လ ၆ ရက်၊ စနေနေ့မနက်) တွင် ရဲတပ်ဖွဲ့နှင့် မှုခင်းဆရာဝန်များသည် သီခရွန် (Thi Khrong) ကျေးရွာသို့ သွားရောက်ကာ ဆယ်ကျော်သက် ၂ ဦးကို စစ်ဆေးမေးမြန်းခဲ့ရာ ၎င်းတို့က ပြစ်မှုကျူးလွန်ကြောင်း ဝန်ခံခဲ့ကြသည်။
ရဲတပ်ဖွဲ့သည် အသက် ၁၇ နှစ်အရွယ် တရားခံကို သေဆုံးသူ၏ အိမ်နှင့် အလောင်းစွန့်ပစ်သည့် နေရာများသို့ ခေါ်ဆောင်ကာ ပြစ်မှုကျူးလွန်ပုံကို သရုပ်ပြ (Re-enactment) စေခဲ့သည်။ အသက် ၁၃ နှစ်အရွယ် အစ်မဖြစ်သူမှာမူ အရွယ်မရောက်သေးသူ (Minor) ဖြစ်သဖြင့် ၎င်းလုပ်ငန်းစဉ်တွင် မပါဝင်စေဘဲ ဆန်ခလာပူရီ (Sangkhla Buri) ရဲစခန်းသို့ ခေါ်ဆောင်ကာ ဆက်လက်စစ်ဆေးနေသည်။ ဖြစ်စဉ်ကို လာရောက်ကြည့်ရှုသည့် ဒေသခံရွာသားများမှာ ကျူးလွန်သူများမှာ မိသားစုဝင်များဖြစ်နေသဖြင့် အလွန်တုန်လှုပ်ခြောက်ခြားခဲ့ကြရသည်။
Source;Bangkok Post
