တရုတ်အစိုးရက လူကြိုက်များနေသည့် “ဇာတ်လမ်းတို ” များကို အပြင်းအထန် စတင်နှိမ်နင်း

မကြာသေးမီက စမတ်ဖုန်းများတွင် ဒေါင်လိုက် (Vertical) ကြည့်ရှုရပြီး ကမ္ဘာတစ်ဝန်း ဘီလီယံချီ အောင်မြင်နေသည့် တရုတ်နိုင်ငံ၏ ဇာတ်လမ်းတို  လုပ်ငန်းကဏ္ဍသည် ညစ်ညမ်းမှု၊ အကြမ်းဖက်ကလဲ့စားချေမှုနှင့် ချမ်းသာကြွယ်ဝမှုများကို အလွန်အကျွံဖော်ပြမှု စသည့် အန္တရာယ်ရှိ Content များ ပါဝင်နေသည်ဟုဆိုကာ တရုတ်အစိုးရ၏ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အပြင်းအထန် စိစစ်ဖြတ်တောက်ခြင်း (Crackdown) နှင့် ရင်ဆိုင်နေရပါတယ်။

တရုတ်အမျိုးသား ရေဒီယိုနှင့် ရုပ်မြင်သံကြားစီမံခန့်ခွဲမှုဦးစီးဌာန (NRTA) ၏ ထုတ်ပြန်ချက်အရ အောက်ပါအကြောင်းအရာများကို အဓိကထား နှိမ်နင်းသွားမည်ဖြစ်သည်။

စည်းကမ်းမဲ့ လိင်အသားပေးမှုများ (Soft pornography)၊ လွဲမှားနေသော အချစ်ရေးအမြင်များ၊ ဖောက်ပြန်မှု သို့မဟုတ် တားမြစ်ထားသော အချစ်ဇာတ်လမ်းများနှင့် အကျိုးအမြတ်အတွက် လက်ထပ်သည့် ဇာတ်အိမ်များနှင့် လျှို့ဝှက်ဆန်းကြယ်သော ဘီလီယံနာလင်ယောကျာ်း ဇာတ်လမ်းများ၊ အလွန်အကျွံ ခမ်းနားထည်ဝါသော လူနေမှုပုံစံများနှင့် လက်ရှိလူမှုစီးပွားဘဝ လက်တွေ့အခြေအနေနှင့် ကင်းကွာပြီး ငွေကြေးဓန ဂုဏ်မောက်သည့် ဇာတ်လမ်းများဖြစ်သည့်အပြင် ရက်စက်ကြမ်းကြုတ်သော ကလဲ့စားချေမှုများ၊ နှိပ်စက်ညှင်းပန်းမှုများ၊ ပဒေသရာဇ်ခေတ် အတွေးအခေါ်များနှင့် ဥပဒေမဲ့ ကိုယ်တိုင်တရားစီရင်သည့် သရုပ်ဖော်မှုများပါဝင်နေသည်။

သမ္မတ ရှီကျင့်ဖျင်၏ ဆင်းရဲချမ်းသာကွာဟမှု လျှော့ချရေးမူဝါဒအရ ချမ်းသာကြွယ်ဝမှုကို အသားပေးဂုဏ်ဖော်ပြီး ဇိမ်ခံလူနေမှုပုံစံများကို လှုံ့ဆော်သည့် ဒရမ်မာများသည် အစိုးရအတွက် အဆင်မပြေဖြစ်လာခြင်းနှင့်တရုတ်နိုင်ငံတော် ဆိုင်ဘာအာဏာပိုင်အဖွဲ့ (CAC) က လူငယ်များအကြား အလုပ်လက်မဲ့ပြဿနာနှင့် အပြိုင်အဆိုင်များပြားချိန်တွင် “ကြိုးစားလည်း အလကားပဲ” ဆိုသည့် စိတ်ဓာတ်ကျစရာ သတင်းစကားများနှင့် ခေတ်ပျက်အတွေးအခေါ်များ ဖြန့်ဝေမှုကို တားဆီးလိုခြင်းကြောင့်ဖြစ်သည်။

လက်ရှိတွင် တရုတ်နိုင်ငံ၏ အဓိကပလတ်ဖောင်းကြီးများဖြစ်သော WeChat နှင့် Douyin (တရုတ် TikTok) တို့သည် လူငယ်များအတွက် အဆိပ်အတောက်ဖြစ်စေမည့် ဇာတ်လမ်းတိုများကို စတင်ဖျက်သိမ်းနေပြီ ဖြစ်သည်။

လက်ရှိတွင် တရုတ်စတိုင် ဇာတ်လမ်းတိုများသည် အမေရိကန်၊ တောင်ကိုရီးယားနှင့် အာဖရိကတို့အထိ ဈေးကွက်ချဲ့ထွင်နေချိန်ဖြစ်ရာ၊ ယခုကဲ့သို့ စိစစ်ဖြတ်တောက်မှု ပြင်းထန်လာခြင်းကြောင့် ယခင်က ပရိသတ်ကို ဆွဲဆောင်ခဲ့သည့် အသည်းယားစရာ၊ ကလဲ့စားချေစရာ ဒရမ်မာဆန်ဆန် ပုံစံများမပါဘဲ ကမ္ဘာ့ပရိသတ်ကို ဆက်လက်ဖမ်းစားနိုင်မလားဆိုသည်မှာ စိန်ခေါ်မှုတစ်ခု ဖြစ်လာပါတယ်။

Source;The Nation