အဘိုးဖြစ်သူ မွေးထားသည့် အိမ်မွေးမျောက် ကိုက်သဖြင့် ၆ နှစ်အရွယ် မြေးငယ်လေး သေဆုံး

ထိုင်းနိုင်ငံတောင်ပိုင်း၊ နခွန်စီဓမ္မရာဇ်ခရိုင် (Nakhon Si Thammarat) တွင် အသက် ၆ နှစ်အရွယ် ပထမတန်းကျောင်းသားလေးတစ်ဦးသည် အဘိုးဖြစ်သူ ငယ်စဉ်ကတည်းက အဖော်အဖြစ် မွေးမြူထားသည့် အမြီးရှည်မျောက် (Macaque) အကိုက်ခံရကာ ရရှိခဲ့သော ဒဏ်ရာများဖြင့် မနေ့က (၂၀၂၆ ခုနှစ်၊ ဇွန်လ ၆ ရက်၊ စနေနေ့) တွင် ကွယ်လွန်သွားခဲ့သည့် ဝမ်းနည်းဖွယ်ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။

စီချွန်း (Sichon) မြို့နယ်၊ ထက်ဖရတ် (Theppharat) ကျေးရွာရှိ အဘိုးဖြစ်သူ အသက် ၇၀ အရွယ် ဦးဂျာရွန်း ပိုင်ဆိုင်သည့် ကုန်စုံဆိုင်ဘေးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အဆိုပါမျောက်မှာ အုန်းသီးဆွတ်ရန် သင်တန်းပေးထားသည့် မျောက်မဟုတ်ဘဲ အဘိုးဖြစ်သူက ၎င်းငယ်စဉ်ကတည်းက အဖော်အဖြစ် ချစ်ခင်စွာ မွေးမြူထားခြင်းဖြစ်သည်။ ၎င်းကို သစ်ပင်နှစ်ပင်ကြား ကြိုးရှည်ဖြင့် ချည်နှောင်ကာ တက်လှုပ်ကစားနိုင်ရန် သစ်သားတန်းတစ်ခုဖြင့် ပြင်ဆင်ပေးထားသည်။

စနေနေ့နံနက်ပိုင်းတွင် Ban Khao Yuan Tao ကျောင်းမှ ပထမတန်းကျောင်းသားလေး အိကရတ် (Ekkarat Sichan) သည် ဆိုင်ဘေးရှိ မျောက်ချည်ထားရာနေရာအနီးမှ လမ်းလျှောက်ဖြတ်သန်းသွားစဉ် မျောက်က ရုတ်တရက် ခုန်အုပ်ကာ အတင်းအဓမ္မ ဆွဲကိုက်ခဲ့ခြင်းဖြစ်သည်။

မျောက်ကိုက်မှုကြောင့် ကလေးငယ်၏ ရင်ဘတ်နှင့် ခြေထောက်တို့တွင် ပြင်းထန်သော ဒဏ်ရာများ ရရှိခဲ့ပြီး စီချွန်းဆေးရုံသို့ အရေးပေါ် ပို့ဆောင်ခဲ့သော်လည်း ရရှိထားသည့် ဒဏ်ရာများမှာ အလွန်ပြင်းထန်သဖြင့် ဆေးရုံ၌ပင် ကွယ်လွန်သွားခဲ့ရှာသည်။

ပလီယန် (Plien) နယ်မြေရဲစခန်းမှ စုံစမ်းစစ်ဆေးရေးအရာရှိ Pol Col Montri Lenthat ၏ ပြောကြားချက်အရ လက်ရှိတွင် ရဲတပ်ဖွဲ့က ဖြစ်စဉ်နှင့်ပတ်သက်၍ သေချာစွာ စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေပြီး၊ တိုက်ခိုက်ခဲ့သည့် အိမ်မွေးမျောက်ကိုမူ ယခင်ချည်နှောင်ထားသည့် နေရာတွင်ပင် ဆက်လက်ထိန်းသိမ်းထားကြောင်း သိရသည်။

Source;Bangkok post