မနေ့က (၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၀ ရက်) ထိုင်းနိုင်ငံ အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးစင်တာ (AOSC) နှင့် ဗဟိုစုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့ (CIB) တို့ ပူးပေါင်းကာ X (Twitter) အကောင့်ပေါင်း ၃၅၀ ကျော် အသုံးပြုပြီး နာမည်ကြီး ထိုင်းနှင့် နိုင်ငံတကာအနုပညာရှင်များ၏ ဖျော်ဖြေပွဲလက်မှတ်အတုများ လိမ်လည်ရောင်းချနေသည့် အွန်လိုင်းဂိုဏ်းအဖွဲ့ဝင် ၇ ဦးကို ဘန်ကောက်၊ နခွန်ပထုံနှင့် ဖူးခက်မြို့တို့တွင် တစ်ပြိုင်နက် စီးနင်းဖမ်းဆီးလိုက်ပါတယ်။
၎င်းဂိုဏ်းသည် လက်မှတ်ဝယ်ယူရန် အလွန်ခက်ခဲသည့် K-pop အဖွဲ့များ ဖြစ်ကြသော BLACKPINK, GOT7, NCT, SEVENTEEN, aespa, TWICE စသည့်အဖွဲ့များအပြင်၊ အနောက်တိုင်းအဆိုတော်များနှင့် နာမည်ကြီးထိုင်းအနုပညာရှင်များ (Cocktail, Three Man Down, Nont Tanont) ၏ ဖျော်ဖြေပွဲများကို သားကောင်ဆွဲရန် အသုံးချခဲ့သည်။
၎င်းတို့သည် အွန်လိုင်းပေါ်ရှိ တရားဝင်လက်မှတ်ဝယ်ယူထားသူများ၏ ပြသထားသော လက်မှတ်ပုံများကို ကူးယူကာ အမည်နှင့် ထိုင်ခုံနံပါတ်များကို Photoshop ဖြင့် ပြင်ဆင်ပြီး ၎င်းတို့ကိုယ်ပိုင် Watermark များထည့်သွင်းကာ အစစ်အမှန်သဏ္ဌာန် ပြုလုပ်ခဲ့ကြသည်။ ထို့ပြင် ပိုင်ရှင်မဲ့ (မူးအကောင့်) ဘဏ်အကောင့်များနှင့် ID ကတ်ပြားပုံများပေါ်တွင်လည်း “လက်မှတ်ရောင်းချရန်အတွက်သာ” ဟု စာသားများအတုလိုက်ရိုက်ပြီး သားကောင်များ ယုံကြည်အောင် လှည့်စားခဲ့ကြသည်။
လိမ်လည်မှု ပိုမိုယုံကြည်စိတ်ချရစေရန်အတွက် Follower ၂,၀၀၀ ကျော်ရှိသည့် X အကောင့်များကို လိုက်လံဝယ်ယူအသုံးပြုခဲ့ပြီး၊ လိမ်လည်ပြီးတိုင်း အကောင့်အမည် (User ID) များကို ခဏခဏ ပြောင်းလဲလေ့ရှိသည်။
လက်ရှိ ထိုင်းအွန်လိုင်းတိုင်ကြားမှုစနစ်အရ ၎င်းဂိုဏ်းကြောင့် တရားဝင်တိုင်ကြားထားသူ ၇၃၉ ဦး ရှိပြီး၊ စုစုပေါင်းနစ်နာသူ ၁,၀၀၀ နီးပါးခန့်နှင့် ကာလတန်ဖိုး ထိုင်းဘတ် ၄ သန်းနီးပါး ($121,688) အထိ ဆုံးရှုံးခဲ့ရသည်။
ဖမ်းဆီးရမိသူ ၇ ဦးစလုံးကို ပြည်သူလူထုအား လိမ်လည်မှု၊ ကွန်ပျူတာဥပဒေချိုးဖောက်မှု၊ ငွေကြေးခဝေချမှု (Money Laundering) နှင့် တရားမဝင်လျှို့ဝှက်ဂိုဏ်းဖွဲ့မှု (Ang-Yee) စသည့် ကြီးလေးသော ပြစ်မှုဆိုင်ရာပုဒ်မများစွာဖြင့် တရားစွဲဆိုထားပြီး နည်းပညာမှုခင်းနှိမ်နင်းရေးဌာန (TCSD) က ဆက်လက်အရေးယူထားသည်။
Source;Khaosod
