ထိုင်းနိုင်ငံ၊ ဥဒုံထာနီ တွင် ခေါက်ဆွဲရည်သောက်မိပြီး လူ ၁၄ ဦး အစုလိုက်အပြုံလိုက် အဆိပ်သင့်မှု၊ ဆိုဒီယမ်နိုက်ထရိုက် (Sodium Nitrite) ဓာတုဗေဒပစ္စည်းကြောင့်ဖြစ်နိုင်ဟု ပညာရှင်ဆို

ယနေ့ (၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၁ ရက်၊ ကြာသပတေးနေ့) တွင် ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း၊ ဥဒုံထာနီခရိုင် (Udon Thani)၊ နောင်နာခမ် (Nong Na Kham) မြို့နယ်ရှိ ဒေသခံခေါက်ဆွဲဆိုင်တစ်ဆိုင်၌ ခေါက်ဆွဲရည်သောက်မိရာမှ အနည်းဆုံး လူ ၁၄ ဦးထက်မနည်း ရုတ်တရက် အပြင်းအထန် နေမကောင်းဖြစ်ကာ အဆိပ်သင့်မှု ဖြစ်ပွားခဲ့ပြီး၊ ၎င်းဖြစ်စဉ်မှာ ခေါက်ဆွဲရည်အိုးထဲတွင် ဆားအစား ဝက်အူချောင်းသုံး ဓာတုတာရှည်ခံဆေးဖြစ်သည့် ဆိုဒီယမ်နိုက်ထရိုက်ကို မှားယွင်းထည့်သွင်းမိခြင်းကြောင့် ဖြစ်နိုင်ကြောင်း နာမည်ကြီး သိပ္ပံပညာရှင်တစ်ဦးက သုံးသပ်ပြောကြားလိုက်ပါတယ်။

အမျိုးသားကျန်းမာရေးလုံခြုံမှုဦးစီးဌာန (NHSO) ၏ ထုတ်ပြန်ချက်အရ ရာမာသီဘိုဒီ အဆိပ်ဗေဒဌာန (Ramathibodi Poison Centre) သည် လူနာများကို ကုသနေသည့် ဒေသခံဆေးရုံများသို့ မီသလင်းလူး (Methylene Blue) ဟုခေါ်သည့် အဆိပ်ဖြေဆေးကို အရေးပေါ် ညှိနှိုင်းပေးပို့ခဲ့ရသည်။ လက်ရှိတွင် အခြေအနေစိုးရိမ်ရသည့် လူနာ ၅ ဦးကို ၎င်းအဆိပ်ဖြေဆေး တိုက်ကျွေးကာ လမ်းညွှန်ချက်များနှင့်အညီ အနီးကပ် ကုသပေးနေရသည်။

ချူလာလောင်ကွန်းတက္ကသိုလ်မှ သိပ္ပံကထိက ဒေါက်တာ ဂျက်ဆာဒါ (Jessada Denduangboripant) က ဆေးရုံများသို့ ကုသရန် ပေးပို့လိုက်သည့် “မီသလင်းလူး” ဆေးဝါးကို ကြည့်ခြင်းအားဖြင့် ခေါက်ဆွဲဆိုင်တွင် ဆားအမှတ်ဖြင့် မှားသုံးမိသည့် အမှုန့်မှာ ဆိုဒီယမ်နိုက်ထရိုက် (NaNO2​) ဖြစ်ကြောင်း ရာနှုန်းပြည့်နီးပါး သေချာနေပြီး၊ လူနာများပြသသည့် လက္ခဏာများသည်လည်း ဤဓာတုဗေဒအဆိပ်သင့်မှုနှင့် ကိုက်ညီနေကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

ဆိုဒီယမ်နိုက်ထရိုက်သည် ပုံမှန်အားဖြင့် ကြက်အူချောင်း၊ ဝက်အူချောင်းများနှင့် တရုတ်ဝက်အူချောင်း (Chinese sausages) များတွင် ဘက်တီးရီးယားမပေါက်ပွားစေရန်နှင့် အသားကို လတ်ဆတ်တောက်ပသည့် အနီရောင်အသွင် ဖြစ်ပေါ်နေစေရန် အသုံးပြုသည့် တာရှည်ခံဓာတုဗေဒဆေး ဖြစ်သည်။

၎င်းဓာတုပစ္စည်းကို အလွန်အမင်း စားသုံးမိပါက သွေးအတွင်း အောက်ဆီဂျင်သယ်ဆောင်မှုကို ဟန့်တားပိတ်ဆို့ပစ်သည့် Methemoglobinemia ဟုခေါ်သော သွေးရောဂါအခြေအနေကို ဖြစ်ပွားစေသည်။ ရလဒ်အနေဖြင့် လူနာများတွင် အရေပြားနှင့် နှုတ်ခမ်းများ ပြာနှမ်းလာခြင်း၊ အသက်ရှူရ အလွန်ကျပ်လာခြင်း တို့ဖြစ်ပွားကာ၊ ပြင်းထန်ပါက အချိန်ပိုင်းအတွင်း ရုတ်တရက် အသက်သေဆုံးသည်အထိ ဖြစ်ပွားနိုင်သည်။

Source;Khaosod