ဘန်ကောက်တွင် ပျောက်ဆုံးနေသည့် မြန်မာအမျိုးသမီးတစ်ဦး ခန္ဓာကိုယ်အစိတ်အပိုင်းများ ဖြတ်တောက်ခံရပြီး သေဆုံးလျက်တွေ့ရှိ၊ ခင်ပွန်းဖြစ်သူကို ရဲတပ်ဖွဲ့ သံသယရှိနေ

ဘန်ကောက်မြို့၊ ရတ်ချာပရာရော့ပ် (Ratchaprarop) ဒေသရှိ ကွန်ဒိုမီနီယံတစ်ခုတွင် ပျောက်ဆုံးနေသည့် အသက် ၃၄ အရွယ် မြန်မာအမျိုးသမီးတစ်ဦး၏ ခန္ဓာကိုယ်အစိတ်အပိုင်းများ ဖြတ်တောက်ကာ ပလတ်စတစ်ပုံးအတွင်း ထည့်သွင်းဝှက်ထားလျက် ယနေ့ (ဇွန်လ ၁၂ ရက်) တွင် တုန်လှုပ်ဖွယ်ရာ ရှာဖွေတွေ့ရှိခဲ့ပြီး၊ ရဲတပ်ဖွဲ့က ၎င်း၏ခင်ပွန်းဖြစ်သူကို လူသတ်မှုဖြင့် အဓိက သံသယရှိကာ လိုက်လံရှာဖွေနေပါတယ်။

ခလောင်ထွေး (Khlong Toei) ရှိ စားသောက်ဆိုင်တစ်ခုတွင် အလုပ်လုပ်ကိုင်သည့် အဆိုပါ မြန်မာအမျိုးသမီးသည် ပြီးခဲ့သည့် ဇွန်လ ၉ ရက် ကတည်းက ပျောက်ဆုံးသွားခဲ့သဖြင့်ဆွေမျိုးဖြစ်သူက ဒင်ဒေန်း (Din Daeng) ရဲစခန်းတွင် တိုင်ချက်ဖွင့်ကာ သူမနေထိုင်ရာ ကွန်ဒိုသို့ သွားရောက်စစ်ဆေးပေးရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။

ရဲတပ်ဖွဲ့နှင့် ကယ်ဆယ်ရေးအဖွဲ့တို့သည် ကွန်ဒိုဒုတိယထပ်ရှိ အခန်းအတွင်းသို့ ဝင်ရောက်စစ်ဆေးရာမှ ပြင်းထန်သောအနံ့အသက်ကို ရရှိခဲ့ပြီး၊ အခန်းတွင်းရှိ ပလတ်စတစ်ပုံးကြီးတစ်ခုထဲတွင် စုပြုံထည့်ထားသည့် လူသားခန္ဓာကိုယ် အစိတ်အပိုင်းများကို ရှာဖွေတွေ့ရှိခဲ့သည်။ အချို့သော အစိတ်အပိုင်းများမှာ ပျောက်ဆုံးနေဆဲဖြစ်ပြီး ရုပ်ကလာပ်ကို ခွဲစိတ်စစ်ဆေးရန် ရာမာသီဘိုဒီဆေးရုံသို့ ပို့ဆောင်ထားသည်။

ဆွေမျိုးများ၏ ပြောပြချက်အရ ဇနီးမောင်နှံနှစ်ဦးသည် ပြီးခဲ့သည့် ဇွန်လ ၅ ရက်က အပြင်းအထန် စကားများခဲ့ကြပြီး၊ ဖက်ချာဘူရီလမ်းရှိ ဖျော်ဖြေရေးလုပ်ငန်းတစ်ခုတွင် စားဖိုမှူးလုပ်သူ ခင်ပွန်းဖြစ်သူ၏ သဝန်တိုစိတ်ကြောင့် ယခုကဲ့သို့ လုပ်ဆောင်ခြင်းဖြစ်နိုင်ကြောင်း သံသယရှိနေကြသည်။ ရဲတပ်ဖွဲ့က ကွန်ဒိုရှိ CCTV ကို စစ်ဆေးရာတွင်လည်း ခင်ပွန်းဖြစ်သူဟု ယူဆရသည့် အမျိုးသားသည် အဆိုပါအခန်းတွင်းမှ ခရီးဆောင်သေတ္တာအကြီးကြီးတစ်ခုကို သယ်ဆောင်ကာ ထွက်ခွာသွားသည်ကို တွေ့ရှိထားသည်။

Source;Thaiger