ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) က အမေရိကန်၊ ကနေဒါနှင့် မက္ကဆီကိုနိုင်ငံတို့တွင် ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပမည့် ၂၀၂၆ ဖီဖာကမ္ဘာ့ဖလား (FIFA World Cup 2026) ပြိုင်ပွဲအတွက် စုစုပေါင်းဆုကြေးငွေ ပမာဏကို အမေရိကန်ဒေါ်လာ ၆၅၅ သန်း (ထိုင်းဘတ် ၂၁.၂၉ ဘီလီယံခန့်) အထိ စံချိန်တင်တိုးမြှင့် သတ်မှတ်လိုက်ကြောင်း တရားဝင် ထုတ်ပြန်လိုက်ပါတယ်။
ယခုနှစ်တွင် ပြိုင်ပွဲဝင်အသင်းအရေအတွက်ကို ၃၂ သင်းမှ ၄၈ သင်းအထိ တိုးမြှင့်လိုက်သလို၊ ပွဲစဉ်ပေါင်းလည်း ၁၀၄ ပွဲအထိ ရှိလာမည်ဖြစ်ရာ ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက် အကြီးမားဆုံးနှင့် ဆုကြေးအများဆုံး ပြိုင်ပွဲကြီး ဖြစ်လာမည်ဖြစ်သည်။
၂၀၂၆ ကမ္ဘာ့ဖလား အဆင့်လိုက် ဆုကြေးငွေခွဲဝေမှုစနစ်
▪️ချန်ပီယံဆု (Winners): ဒေါ်လာ ၅၀ သန်း (ဘတ် ၁.၆၃ ဘီလီယံခန့်) ရရှိမည်။ (၂၀၂၂ ကမ္ဘာ့ဖလားထက် ဒေါ်လာ ၈ သန်း ပိုများလာသည်)။
▪️ဒုတိယဆု (Runners-up): ဒေါ်လာ ၃၃ သန်း (ဘတ် ၁.၀၇ ဘီလီယံခန့်)။
▪️တတိယဆု (Third place): ဒေါ်လာ ၂၉ သန်း (ဘတ် ၉၄၃ သန်းခန့်)။
▪️စတုတ္ထဆု (Fourth place): ဒေါ်လာ ၂၇ သန်း (ဘတ် ၈၇၈ သန်းခန့်)။
▪️ကွာတားဖိုင်နယ်အဆင့် (၅ သင်းမှ ၈ သင်း): တစ်သင်းလျှင် ဒေါ်လာ ၁၉ သန်း (ဘတ် ၆၁၈ သန်းခန့်)။
▪️၁၆ သင်းအဆင့် (၉ သင်းမှ ၁၆ သင်း): တစ်သင်းလျှင် ဒေါ်လာ ၁၅ သန်း (ဘတ် ၄၈၈ သန်းခန့်)။
▪️၃၂ သင်းအဆင့် (အသစ်တိုးချဲ့သည့်အဆင့်): တစ်သင်းလျှင် ဒေါ်လာ ၁၁ သန်း (ဘတ် ၃၅၈ သန်းခန့်)။
▪️အုပ်စုအဆင့်မှ ထွက်ရသူများ (၃၃ သင်းမှ ၄၈ သင်း): ပြိုင်ပွဲအစောကြီးတွင် ထွက်ရစေကာမူ တစ်သင်းလျှင် ဒေါ်လာ ၉ သန်း (ဘတ် ၂၉၃ သန်းခန့်) စီ အသီးသီး အာမခံရရှိမည်ဖြစ်သည်။
FIFA ၏ အဆိုအရ ယခုကဲ့သို့ စံချိန်တင်ဆုကြေးငွေ ပေးအပ်နိုင်ခြင်းမှာ ကမ္ဘာ့ဖလားပြိုင်ပွဲ၏ ရုပ်သံထုတ်လွှင့်ခွင့်မူပိုင်ခွင့်များ (Broadcast rights)၊ ဒီဂျစ်တယ်စျေးကွက်မြှင့်တင်မှုများနှင့် ကမ္ဘာတစ်ဝန်းက စပွန်ဆာလုပ်ငန်းများမှ ဝင်ငွေ အမြောက်အမြား တိုးတက်ရရှိလာခြင်းကြောင့် ဖြစ်သည်။ ၎င်းအပြင် အထက်ပါ ဆုကြေးငွေများအပြင် ပြိုင်ပွဲဝင်ခွင့်ရသည့် အသင်းတိုင်းအတွက် ကနဦး ပြိုင်ပွဲကြိုပြင်ဆင်စရိတ် ရန်ပုံငွေများကိုလည်း သီးသန့် ထပ်မံထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း အတည်ပြုထားသည်။
Source;The Nation
