ထိုင်းနိုင်ငံ၊ ဖူးခက်ကျွန်း (Phuket) တွင် လမ်းပိတ်မောင်းနှင်သည့် ကိစ္စနှင့်ပတ်သက်ပြီး အခြေအတင် စကားများရာမှတစ်ဆင့် ထိုင်းရိုးရာသိုင်းပညာနှင့် မွေထိုင်းနည်းပြတစ်ဦးက ဗြိတိန်နိုင်ငံသား ကမ္ဘာလှည့်ခရီးသည်တစ်ဦးကို ဓားဖြင့် ခုတ်နှက်တိုက်ခိုက်ခဲ့သည့် ရုပ်သံဖိုင်တစ်ခု လူမှုကွန်ရက်ပေါ်တွင် အကြီးအကျယ် ပျံ့နှံ့နေပါတယ်။
အသက် ၅၀ အရွယ် မွေထိုင်းနှင့် ထိုင်းရိုးရာဓားသိုင်း (Krabi-Krabong) နည်းပြဖြစ်သူ ဆရာအို (Waikoon) သည် ဖူးခက်ခရိုင်၊ ချလွန် (Chalong) ဆပ်ဒေသရှိ Soi Ta Iad လမ်းအတိုင်း ဆိုင်ကယ်မောင်းနှင်လာစဉ် နိုင်ငံခြားသားခရီးသည် ၂ ဦးက ဆိုင်ကယ်များကို ဘေးချင်းယှဉ်မောင်းကာ စကားပြောနေသဖြင့် လမ်းပိတ်ဆို့ကာ အန္တရာယ်ရှိကြောင်း သတိပေးခဲ့သည်။ ထိုစဉ်က အနည်းငယ် စကားများခဲ့ကြပြီးနောက် ဆရာအိုက အိမ်သို့ ပြန်သွားခဲ့သည်။
ဆရာအို၏ ထွက်ဆိုချက်အရ ရန်ပွဲပြီးဆုံးပြီဟု ထင်မှတ်ခဲ့သော်လည်း အဆိုပါ နိုင်ငံခြားသားခရီးသည်က ၎င်း၏အိမ်အထိ သံတုတ်တစ်ချောင်းကိုင်ကာ လိုက်လံရန်ရှာခဲ့သည်။ ထို့ကြောင့် မိသားစုဘေးကင်းရေးအတွက် ရန်ပွဲကို အိမ်ပြင်သို့ ဆွဲထုတ်ခဲ့ပြီး၊ ဆရာအိုက ဓားကိုင်ကာ နိုင်ငံခြားသား၏ သံတုတ်ကို ခုခံတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ရုပ်သံဗီဒီယိုဖိုင်အရ အင်္ကျီဗလာဗျတ်စုတ်ဖြင့် သံတုတ်ကိုင်ထားသည့် နိုင်ငံခြားသားမှာ ဆရာအို၏ ဓားချက်ကြောင့် လက်မောင်းတွင် ပြတ်ရှဒဏ်ရာ အပြင်းအထန်ရရှိသွားခဲ့သည်။ ၎င်း၏သူငယ်ချင်းဖြစ်သူက ထိုင်းနိုင်ငံတွင် ဆေးကုသစရိတ်မှာ ဒဏ်ရာချုပ်ခတင် ဘတ် ၁၃,၀၀၀ ကျော် ကုန်ကျသဖြင့် အလွန်စျေးကြီးသောကြောင့် အဆိုပါနိုင်ငံခြားသားမှာ ဆေးကုသမှုခံယူရန် ၎င်း၏မိခင်နိုင်ငံ (ဗြိတိန်) သို့ ချက်ချင်းပြန်သွားခဲ့ပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။
မွေထိုင်းနည်းပြ ဆရာအိုက ၎င်းအနေဖြင့် ဒဏ်ရာရရှိမှုအတွက် ရဲစခန်းတွင် သွားရောက်တိုင်ချက်ဖွင့်ထားပြီး ဥပဒေကြောင်းအရ ရင်ဆိုင်ရန် အသင့်ရှိကြောင်း မီဒီယာများကို ပြောကြားခဲ့သည်။ ၎င်းက ဤဖြစ်စဉ်အတွက် စိတ်မကောင်းဖြစ်ရသော်လည်း မိသားစုကို ကာကွယ်ရန် ကိုယ်ထိလက်ရောက် တုံ့ပြန်ခဲ့ရခြင်းဖြစ်ကြောင်းနှင့် ၎င်း၏လုပ်ရပ်သည် ထိုင်းအမျိုးသားသီချင်းစာသားထဲက “ထိုင်းလူမျိုးက ငြိမ်းချမ်းရေးကို မြတ်နိုးတယ်၊ ဒါပေမဲ့ စစ်ဖြစ်လာရင် ဘယ်တော့မှ သူရဲဘောမကြောင်ဘူး” ဆိုသည့်အတိုင်း ဖြစ်ကြောင်း အလေးအနက် ပြောကြားသွားခဲ့သည်။
အခြားတစ်ဖက်တွင်မူ ဒဏ်ရာရသွားသည့် နိုင်ငံခြားသား၏ သူငယ်ချင်းဖြစ်သူက ဤလုပ်ရပ်သည် ခုခံကာကွယ်ပိုင်ခွင့်ထက် ကျော်လွန်နေသဖြင့် ဗြိတိန်သံရုံး (British Embassy) သို့ အကြောင်းကြားကာ ထိုင်းနည်းပြအား ဥပဒေအရ အပြတ်အသတ် တရားစွဲဆိုသွားမည်ဟု တုံ့ပြန်ထားသည်။
Source;Thaiger
