ထိုင်းနိုင်ငံ၊ ဘူရီရမ်ခရိုင် (Buriram) တွင် ထီသည်အမျိုးသားတစ်ဦးကို ကားဖြင့် လိုက်လံပိတ်ဆို့ကာ သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခဲ့သည့် တရားခံများသည် ရဲတပ်ဖွဲ့၏ ဝိုင်းဝန်းပိတ်ဆို့ခြင်းကို ခံရစဉ် လူမှုကွန်ရက်ပေါ်တွင် သွားတိုက်ရင်း Live လွှင့်ကာ “ဒီပွဲတော့ ဂိမ်းအိုဗာပြီ” ဟု အေးအေးလူလူ ပြောဆိုပြီးမှ ရဲများကို “ခဏစောင့်” ဟု အော်ပြောကာ ထွက်လာပြီး လက်နက်ချခဲ့သည့် ထူးဆန်းသော ဖြစ်စဉ်တစ်ခု ယမန်နေ့ (၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈ ရက်) က ဖြစ်ပွားခဲ့ပါတယ်။
ပြီးခဲ့သည့် အင်္ဂါနေ့ (ဇွန်လ ၁၆ ရက်) နံနက်အစောပိုင်း ၁ နာရီခန့်တွင် ဘူရီရမ်ခရိုင်၊ ပရာခွန်းချိုင်းမြို့နယ်ရှိ လမ်းကြားတစ်ခုအတွင်း အသက် ၄၀ အရွယ် ထီသည် မစ္စတာ ပီချစ် (Pichit) သည် ဆိုင်ကယ်မောင်းနှင်လာစဉ် အဖြူရောင် Honda City ကားတစ်စီးက ဘေးကပ်ရပ်တန့်ကာ စကားအချေအတင် ဖြစ်ခဲ့သည်။
ကားပေါ်ပါလာသူတစ်ဦးက ဆိုင်ကယ်ပေါ်ရှိ သားကောင်အား ရိုင်ဖယ်သေနတ်ဖြင့် ပထမတစ်ချက် ပစ်ခတ်ရာ ဆိုင်ကယ်ပေါ်မှ လဲကျသွားခဲ့ပြီး၊ ၎င်းနောက် ကားပေါ်မှဆင်းကာ အနီးကပ် ဒုတိယတစ်ချက် ထပ်မံပစ်ခတ်ခဲ့သဖြင့် ထီသည်မှာ နေရာတင် ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။
ရဲတပ်ဖွဲ့က အလောင်းကို စစ်ဆေးရာ သေဆုံးသူ၏ ခြေထောက်ကြားတွင် ရာမဆေးပြား ၁၄၀ ပြား ကျဆင်းနေသည်ကို တွေ့ရှိရသဖြင့် ၎င်းသည် ထီရောင်းရုံတင်မကဘဲ နောက်ကွယ်တွင် မူးယစ်ဆေးဝါး ကုန်သွယ်မှုအရှုပ်တော်ပုံကြောင့် လုပ်ကြံခံရခြင်း ဖြစ်နိုင်ကြောင်း ကောက်ချက်ချခဲ့သည်။
ဗုဒ္ဓဟူးနေ့မွန်းလွဲပိုင်းတွင် ရဲတပ်ဖွဲ့သည် သက်သေ CCTV မှတစ်ဆင့် တရားခံများ၏ Getaway Car (လွတ်မြောက်ယာဉ်) ကို ခြေရာခံကာ ကမ္ဘောဒီးယားနယ်စပ်အနီး Sa Kaeo ရှိ အငှားအခန်းတွဲတစ်ခုတွင် ပိတ်ဆို့စီးနင်းခဲ့သည်။
ရဲတပ်ဖွဲ့က အခန်းကို ဝိုင်းထားပြီး ထွက်လာရန် အော်ပြောနေစဉ်၊ အခန်းတွင်းရှိ အသက် ၂၄ နှစ်အရွယ် သေနတ်သမား သုသီရတ် (Sutthirak) သည် ဖုန်းဖြင့် လူမှုကွန်ရက်ပေါ် Live လွှင့်ကာ အေးဆေးစွာ သွားတိုက်ပြနေခဲ့သည်။ ၎င်းက Live ကြည့်ရှုသူများကို—
“ရဲတွေ အခန်းရှေ့မှာ ဝိုင်းနေပြီ၊ ဒီပွဲတော့ ငါတို့ ဂိမ်းအိုဗာ (Game Over) ပြီ။ အားလုံးပဲ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ကြပါ” ဟု ပြောကြားခဲ့သည်။ (ရဲတပ်ဖွဲ့က ဤမက်ဆေ့ခ်ျသည် ၎င်းတို့၏ မူးယစ်ဆေးဝါးအဖွဲ့ဝင်များထံ သတိပေးခြင်း ဖြစ်နိုင်သည်ဟု ယူဆသည်)။
ထို့နောက် ၎င်းက အပြင်ကရဲများကို “ခဏလေး စောင့်ဦး” ဟု အော်ပြောကာ သွားတိုက်ပြီးမှ အခန်းတွင်းရှိ အပေါင်းအပါ ယာဉ်မောင်းဖြစ်သူ ကီယာသီဆတ် နှင့် ၎င်း၏ ချစ်သူမိန်းကလေး တို့နှင့်အတူ သုံးဦးသား အေးဆေးစွာ ထွက်ခွာလက်နက်ချခဲ့ကြသည်။
ရဲတပ်ဖွဲ့၏ စုံစမ်းချက်အရ ၎င်းတို့ ၃ ဦးသည် အဆိုပါနယ်စပ်အနီး ငှားရမ်းခန်းတွင် ခိုလှုံကာ သဘာဝတောလမ်းများမှတစ်ဆင့် ကမ္ဘောဒီးယားနိုင်ငံအတွင်းသို့ တရားမဝင် ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်နေကြခြင်းဖြစ်ကြောင်း သိရပြီး၊ လက်ရှိတွင် ၎င်းတို့ကို အမှုဖွင့်အရေးယူရန် ဘူရီရမ်ရဲစခန်းသို့ လွှဲပြောင်းပေးလိုက်ပြီ ဖြစ်သည်။
Source;Khaosod
