ထိုင်းနိုင်ငံတောင်ပိုင်း၊ နာရထီဝပ်ခရိုင် (Narathiwat) ရှိ ဘူကီတာ (Buketa) ရဲစခန်းပိုင် ယာဉ်ထိန်းရဲကားတစ်စီး၏ အောက်တွင် အကြမ်းဖက်သမားတစ်ဦးက ဗုံးလာထောင်နေသည်ကို ဒေသခံကလေးငယ်တစ်ဦးက မြင်တွေ့ပြီး ရွာသားများကို အချိန်မီ သတင်းပေးခဲ့သည့်အတွက် ရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူများ အစုလိုက်အပြုံလိုက် သေဆုံးမည့် ဘေးအန္တရာယ်မှ သီရိလွတ်လွတ် မြောက်သွားခဲ့သည့် ဖြစ်စဉ်တစ်ခု ယနေ့ (၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉ ရက်) သောကြာနေ့ မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့ပါတယ်။
ဇွန်လ ၁၉ ရက် မွန်းလွဲ ၁:၁၀ နာရီတွင် နာရသီဝပ်ခရိုင်၊ ဝဲန်းမြို့နယ် (Waeng) ရှိ ဒါရူဆာဒါးဟ် ဗလီရှေ့ လမ်းဘေးတွင် ရပ်တန့်ထားသည့် ရဲကားအောက်၌ သံသယဖြစ်ဖွယ်လူတစ်ဦး ဗုံးလာတပ်ဆင်နေကြောင်း သတင်းရရှိခဲ့သည်။
အခင်းမဖြစ်ပွားမီ ရဲတပ်ဖွဲ့ဝင်များသည် သောကြာနေ့ ဝတ်ပြုဆုတောင်းပွဲအမှီ ဘာသာရေးခေါင်းဆောင်များနှင့် တွေ့ဆုံရန် ဗလီသို့ ရောက်ရှိနေစဉ်၊ ဒေသခံကလေးငယ်တစ်ဦးက သံသယဖြစ်ဖွယ် အမျိုးသားတစ်ဦး ရဲကားအောက်တွင် ကုန်းကုန်းကွကွဖြင့် အလုပ်ရှုပ်နေသည်ကို မြင်တွေ့ခဲ့သည်။ ကလေးငယ်သည် ချက်ချင်းပင် ရွာသားများကို ပြေးပြောခဲ့ပြီး၊ ရွာသားများမှတစ်ဆင့် ရဲတပ်ဖွဲ့ထံ အမြန်ဆုံး အကြောင်းကြားကာ နယ်မြေကို ပိတ်ဆို့ရှင်းလင်းခဲ့ကြသည်။
ရဲတပ်ဖွဲ့က လူစုခွဲပြီး ဗုံးရှင်းလင်းရေးအဖွဲ့ (EOD) ကို စောင့်ဆိုင်းနေစဉ် ၁၀ မိနစ်ခန့်အကြာ၌ ပြင်းထန်သော ဗုံးပေါက်ကွဲမှုကြီး သုံးဆူထွက်ပေါ်ခဲ့သည်။ အရှိန်ကြောင့် ရဲတပ်ဖွဲ့ပိုင် တိုယိုတာ (Toyota) ကားတစ်စီးနှင့် အနီးတွင် ရပ်ထားသည့် အရပ်သားပိုင် ကီယာ (Kia) ကားတစ်စီးတို့ အပိုင်းပိုင်းအစစ ပျက်စီးသွားခဲ့သော်လည်း ကြိုတင်ရှောင်တိမ်းနိုင်ခဲ့၍ လူတစ်ဦးတစ်ယောက်မျှ ထိခိုက်ဒဏ်ရာရခြင်း မရှိခဲ့ပေ။
ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အနုထိုင်း ဗုံးရှင်းလင်းရေးအဖွဲ့နှင့် စစ်ခွေးအဖွဲ့များက နယ်မြေရှင်းလင်းရေး ဆက်လက်လုပ်ဆောင်ခဲ့ရာ ကားကိုယ်ထည်အောက်တွင် စတုဂံပုံ သံသေတ္တာဖြင့် ပြုလုပ်ထားပြီး အချိန်ကိုက်စနစ် (Timer) ဖြင့် ဖောက်ခွဲသည့် အလေးချိန် ၁ ကီလိုမှ ၂ ကီလိုခန့်ရှိ မိုင်းလက်လုပ်ဗုံးအစအနများကို ရှာဖွေတွေ့ရှိခဲ့သည်။
ဗလီရှေ့ရှိ CCTV မှတ်တမ်းများကို ပြန်လည်စစ်ဆေးရာတွင် ဘောင်းဘီအမည်းနှင့် အကျီလက်ရှည်အဖြူ ဝတ်ဆင်ထားပြီး ဝတ်ရုံဖြူကြီးတစ်ခုအတွင်း ဗုံးကို ဝှက်ယူလာသည့် အကြမ်းဖက်သမားတစ်ဦးသည် ဗလီဘေးရှိ လမ်းကြားထဲမှ ပြေးထွက်လာကာ ရဲကားအောက်သို့ ဗုံးဝင်ရောက်တပ်ဆင်ပြီး မူလလမ်းအတိုင်း ပြန်လည်ထွက်ပြေးသွားသည်ကို အထင်အရှား မြင်တွေ့ခဲ့ရသည်။
အာဏာပိုင်များက ယခုတိုက်ခိုက်မှုသည် ရဲတပ်ဖွဲ့ဝင်များ ဝတ်ပြုဆုတောင်းပြီး စခန်းသို့အပြန် ကားမောင်းထွက်ချိန်တွင် အဝေးမှ ဖောက်ခွဲလုပ်ကြံရန် ရည်ရွယ်သည့် ထိုင်းတောင်ပိုင်းခွဲထွက်ရေး အကြမ်းဖက်အဖွဲ့၏ လက်ချက်ဖြစ်ကြောင်း ကောက်ချက်ချထားပြီး တရားခံကို ဖမ်းဆီးနိုင်ရန် အပူတပြင်း လိုက်လံစုံစမ်းနေပါတယ်။
Source;Thairath
