ထိုင်းနိုင်ငံ၊ နခွန်ပထုံခရိုင် ရှိ နာမည်ကြီး အပန်းဖြေ ဖျော်ဖြေရေးကလပ်တစ်ခုအား ယနေ့ (၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၀ ရက်) စနေနေ့ နံနက်အစောပိုင်းက ထိုင်းပြည်ထဲရေးဒုဝန်ကြီးကိုယ်တိုင် ပါဝင်သောအထူးတပ်ဖွဲ့ဖြင့် စီးနင်းခဲ့ရာ လိုင်စင်မဲ့ဖွင့်လှစ်ထားခြင်း၊ မူးယစ်ဆေးဝါး သုံးစွဲသူ ၇၆ ဦးနှင့် အသက်မပြည့်သေးသည့် ကလေးငယ် ၃၇ ဦးအထိ ပိတ်မိနေသည်ကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။
ဇွန်လ ၂၀ ရက် နံနက်အစောပိုင်း ၁:၃၀ နာရီတွင် ပြည်ထဲရေးဒုဝန်ကြီး Jeseth Thaiseth နှင့် အုပ်ချုပ်ရေးဦးစီးဌာန (DOPA) အထူးတာဝန်အဖွဲ့သည် နခွန်ပထုံခရိုင်၊Wang Taku ဒေသရှိ တရားမဝင် ညဥ့်ကလပ်သို့ ရှောင်တခင် ဝင်ရောက်စီးနင်းခဲ့သည်။
ရဲတပ်ဖွဲ့ဝင်များ ရုတ်တရက် ရောက်ရှိလာပြီး မီးများဖွင့်လိုက်သည့်အခါ ကလပ်အတွင်းရှိ လူများမှာ ထိတ်လန့်တုန်လှုပ်ကာ အရေးပေါ်ထွက်ပေါက်များမှတစ်ဆင့် ထွက်ပြေးရန် ကြိုးပမ်းခဲ့ကြသည်။ ထို့ပြင် ၎င်းတို့လက်ဝယ်ရှိ မူးယစ်ဆေးဝါးများကိုလည်း သက်သေဖျောက်ရန်အတွက် ကြမ်းပြင်ပေါ်သို့ အပြိုင်အဆိုင် လွှင့်ပစ်ခဲ့ကြသည်။
ကလပ်အတွင်းရှိ လူပေါင်း ၃၇၇ ဦးကို မူးယစ်ဆေးဝါး ဆီးစစ်ခဲ့ရာတွင် ၇၆ ဦး (စုစုပေါင်း၏ ၂၀ ရာခိုင်နှုန်းခန့်) တွင် မူးယစ်ဆေးဝါး Positive ထွက်ရှိခဲ့သည်။ဥပဒေအရ သတ်မှတ်ထားသည့် အသက် ၂၀ မပြည့်သေးသည့် လူငယ် ၃၇ ဦးအထိ ကလပ်အတွင်း ရောက်ရှိနေပြီး အငယ်ဆုံးမှာ အသက် ၁၇ နှစ်အရွယ် ဖြစ်သည်။ ၎င်းအသက်မပြည့်သူ ကလေးငယ်များအနက် ၃ ဦးတွင်လည်း မူးယစ်ဆေးဝါး သုံးစွဲထားကြောင်း တွေ့ရှိရသည်။စစ်ဆေးချက်အရ အဆိုပါကလပ်သည် တရားဝင် ဖျော်ဖြေရေးလိုင်စင်မရှိဘဲ ဖွင့်လှစ်ထားခြင်း ဖြစ်သည်။
ကလပ်မန်နေဂျာအား လက်ရှိတွင် ဖမ်းဆီးထိန်းသိမ်းထားပြီး လိုင်စင်မဲ့ ကလပ်ဖွင့်လှစ်မှု၊ သတ်မှတ်ချိန်ပြင်ပ အရက်ရောင်းချမှု၊ အသက် ၂၀ အောက် ကလေးငယ်များကို အရက်ရောင်းချမှု၊ အဆောက်အအုံအား တရားမဝင် ပြုပြင်မွမ်းမံမှု အပါအဝင် အမှုတွဲပေါင်းများစွာဖြင့် တရားစွဲဆိုထားသည်။
အုပ်ချုပ်ရေးဦးစီးဌာန ဒု-ညွှန်ကြားရေးမှူးချုပ် ရွန်နာရွန် သစ်ပသီရိ (Ronnarong Thipsiri) က ယခုဖြစ်စဉ်သည် ကြီးလေးသော ဥပဒေချိုးဖောက်မှုဖြစ်၍ ကလပ်အား ၅ နှစ်တာ အပြီးပိတ်သိမ်းရန် ခရိုင်အုပ်ချုပ်ရေးမှူးထံ တင်ပြထားပြီး၊ ကလပ်ပိုင်ရှင်အစစ်အမှန်ကိုပါ ဆက်လက်ခြေရာခံ ဖမ်းဆီးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
Source;ThaiPBSWorld
