ထိုင်းနိုင်ငံ၊ ပထုံထာနီခရိုင် (Pathum Thani)၊ ကလောင်လူအန်မြို့နယ်ရှိ ဖဟွန်ယိုထင်လမ်းမကြီး (Phahonyothin Road) ပေါ်တွင် သံပရာသီးအိတ် ၁၀၀ ကျော် တင်ဆောင်လာသည့် ပစ်ကပ်ကုန်တင်ကားတစ်စီးသည် ဘီးပေါက်ပြီး တိမ်းမှောက်သွားခဲ့ရာအမျိုးသမီးယာဉ်မောင်းတစ်ဦး ဒဏ်ရာရရှိပြီး သံပရာသီးများ လမ်းမပေါ်သို့ ပျံကျဲသွားသည့် ဖြစ်စဉ်တစ်ခု မနေ့က (၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉ ရက်) သောကြာနေ့ နံနက်အစောပိုင်းတွင် ဖြစ်ပွားခဲ့ပါတယ်။
ဇွန်လ ၁၉ ရက် နံနက်အစောပိုင်းတွင် ဖဟွန်ယိုသင်းလမ်းမကြီး မိုင်တိုင်အမှတ် (၃၆+၃၀၀)၊ ကလောင်နွန်း (Khlong Nueng) ဆပ်ဒေသအနီး ကားလမ်းမပေါ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ဒဏ်ရာရရှိသူ အသက် ၃၄ နှစ်အရွယ် မနူရိုင်နီ (Nuraini) နှင့် ၎င်း၏ချစ်သူအမျိုးသားတို့သည် နာမည်ကျော် “တာလတ်ထိုင်း” (Talaad Thai) ကုန်စိမ်းဈေးကြီးမှ သံပရာသီးအိတ် ၁၀၀ ကျော်ကို ကားအနောက်လှောင်အိမ်အတွင်း တင်ဆောင်ကာ မောင်းနှင်လာခဲ့သည်။ အခင်းဖြစ်နေရာသို့ အရောက်တွင် ကား၏ နောက်ဘယ်ဘက်ဘီး ရုတ်တရက် ပေါက်ကွဲသွားခဲ့ပြီး ကားအရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသို့ လဲမှောက်သွားခဲ့ခြင်း ဖြစ်သည်။
အဖြူရောင် အီဆူဇူး (Isuzu) ကုန်တင်ကားမှာ လမ်းဘေးသို့ စောင်းလျက်လဲမှောက်သွားပြီး ကားပေါ်ပါလာသည့် သံပရာသီးအိတ် ၁၀၀ ကျော်မှာ လမ်းမပေါ်သို့ ပြန့်ကျဲသွားခဲ့သည်။ ဒဏ်ရာရရှိသွားသည့် အမျိုးသမီးယာဉ်မောင်းကို ကယ်ဆယ်ရေးအဖွဲ့များ မရောက်လာမီကပင် ပေါ်လိုရန်းဆစ် (Paolo Rangsit) ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ပေးခဲ့ရသည်။
မတော်တဆမှုကြောင့် နံနက်ပိုင်း ရုံးတက်ရုံးဆင်းချိန် (Rush Hour) တွင် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပွားခဲ့ရသည်။ သို့သော် ကလောင်လူအန်ရဲစခန်းမှ ယာဉ်ထိန်းရဲများနှင့် ပိုတက်တွန်းကယ်ဆယ်ရေးဖောင်ဒေးရှင်း (Poh Teck Tung) တို့ ပူးပေါင်းကာ ကရိန်းကားဖြင့် လဲမှောက်နေသည့် ကားကို အမြန်ဆုံးဆွဲမပြီး လမ်းဘေးသို့ ဖယ်ရှားခဲ့သည်။
ထို့ပြင် လမ်းပေါ်တွင် ကွဲအက်ပျက်စီးခြင်းမရှိဘဲ ကျန်ရှိနေသည့် သံပရာသီးအိတ်များကို အခြားကားတစ်စီးပေါ်သို့ အမြန်ဆုံးပြောင်းရွှေ့တင်ဆောင်ပေးကာ လမ်းမကို ပြန်လည်ဆေးကြော သန့်ရှင်းရေးလုပ်ပေးခဲ့ကြသဖြင့် ယာဉ်ကြောကို အချိန်တိုအတွင်း ပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့ပါတယ်။
Source;Khaosod
