ချွန်ဘူရီတွင် မိုးသည်းထန်စွာ ရွာသွန်း၍ အမှတ် ၃၃၁ လမ်းမနှင့် ပတ္တယားမြို့တွင်း လမ်းများ ရေမြုပ်

ထိုင်းနိုင်ငံ၊ ချွန်ဘူရီ (Chonburi) ခရိုင်အတွင်း စက်တင်ဘာ ၂၄ ရက် ယနေ့နံနက်ပိုင်းတွင် မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းခဲ့မှုကြောင့် သီရာချာ (Si Racha) မြို့နယ်ရှိ အမှတ် ၃၃၁ အဝေးသင်လမ်းမကြီးနှင့် ပတ္တယား (Pattaya) မြို့တွင်း လမ်းမများစွာတွင် ရေကြီးရေလျှံမှုများ ပြင်းထန်စွာ ဖြစ်ပေါ်ခဲ့ပါတယ်ဗျာ။

အမှတ် ၃၃၁ အဝေးသင်လမ်းမကြီး: နံနက် ၅:၄၇ နာရီခန့်တွင် သီရာချာမြို့နယ်၊ ပင်သောင် (Pinthong 1) စက်မှုဇုန်ရှေ့ အော်ဗာပတ်တံတားမှ နောင်ခမ်း (Nong Kham) လမ်းဆုံအထိ လမ်းကြောတစ်ခုလုံး ရေမြုပ်သွားခဲ့သည်။ နံနက် ၇:၃၀ နာရီအထိ ရေအနက် ပေတော်တော်များများ တက်နေဆဲဖြစ်ပြီး ယာဉ်ကြော မိုင်ပေါင်းများစွာ ပိတ်ဆို့ခဲ့သည်။

ပတ္တယားမြို့တွင်း အခြေအနေ: နံနက် ၁:၂၆ နာရီခန့်မှစ၍ ၁ နာရီကျော်ကြာ မိုးကြိုးမုန်တိုင်း ဆက်တိုက်ရွာသွန်းခဲ့သဖြင့် လမ်းအများစုတွင် ရေအနက် ၅၀ စင်တီမီတာ (၁.၆ ပေ) မှ ရေနိမ့်ပိုင်းအချို့၌ ၁ မီတာ (၃.၂ ပေ) အထိ ရေမြင့်တက်ခဲ့သည်။

ရေမြုပ်ခဲ့သည့် လမ်းများ: Pattaya Third Road၊ မီးရထားလမ်းဘေး (Khao Noi / Khao Talo)၊ Sukhumvit Road၊ South Pattaya Road၊ Central Pattaya Road၊ Beach Road၊ Soi Buakhao နှင့် Soi Wat Boon Samphan စသည့် လမ်းမကြီးများ ရေမြုပ်ခဲ့သည်။

ဆိုင်ကယ်များနှင့် ကားငယ်များ စက်ရပ်သွားခဲ့ပြီး အချို့နေရာများ၌ ရေအနက်မှာ ရင်ဘတ်အထိ ရှိခဲ့သဖြင့် ခရီးသည်များ ရေကူး/ရေတိုးကာ ထွက်ခဲ့ရသည်။ ရေစီးနှင့်အတူ ရပ်ထားသော ဆိုင်ကယ်များ လဲကျခြင်း၊ အမှိုက်နှင့် အိမ်သုံးပစ္စည်းများ ရေထဲမျောပါခြင်းများ ဖြစ်ပေါ်ခဲ့သည်။

ပတ္တယားမြို့တော် အာဏာပိုင်များနှင့် ဒေသခံများ ပူးပေါင်း၍ လမ်းသွားလမ်းလာများအား သတိပေးခြင်း၊ စက်ရပ်သွားသော ယာဉ်များနှင့် ပစ္စည်းများကို ကုန်းမြင့်ပိုင်းသို့ ရွှေ့ပြောင်းပေးခြင်းများ ဆောင်ရွက်ခဲ့သည်။

ထိုင်းမိုးလေဝသဌာန (TMD)၏ ထုတ်ပြန်ချက်အရ ကမ္ဘောဒီးယားဘက်မှ ရွေ့လျားလာသော လေဖိအားနည်းရပ်ဝန်းကြောင့် စက်တင်ဘာ ၂၄ ရက်မှ ၂၇ ရက်အထိ ချွန်ဘူရီ၊ ရယောင်း၊ စာခေတ်၊ ချာချိုအင်ဆာအို နှင့် ထရတ် စသည့် ခရိုင်များအပါအဝင် အရှေ့ပိုင်း၊ အလယ်ပိုင်းနှင့် အရှေ့မြောက်ပိုင်းတို့တွင် မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းနိုင်သဖြင့် တောင်ကျရေနှင့် လျှပ်တစ်ပြက် ရေကြီးမှုကို အထူးသတိပြုကြရန် အသိပေးထားသည်။

Source;The Nation