ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့လယ်ရှိ အဆောက်အအုံဟောင်းတစ်ခု၏ ဒုတိယထပ် ကွန်ကရစ်လသာဆောင် သည် ယနေ့ (၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၀ ရက်) စနေနေ့ မွန်းလွဲပိုင်းက ရုတ်တရက်ပြိုကျခဲ့ရာ လမ်းသွားလမ်းလာ အမျိုးသားတစ်ဦး ကွန်ကရစ်တုံးများအောက် ပိမိကာ သေဆုံးသွားခဲ့ပြီး အခြားလူတစ်ဦး ဒဏ်ရာရရှိခဲ့သည့် စိတ်မကောင်းဖွယ် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။
ဇွန်လ ၂၀ ရက် မွန်းလွဲ ၄:၅၂ နာရီတွင် ဘန်ကောက်မြို့၊ ဆမ်ပန်ထဝန်းခရိုင် (Samphanthawong)၊ တာလတ်နွိုင်း (Talat Noi) ရပ်ကွက်ရှိ ချာရိုးခရန်းလမ်းမကြီး (Charoen Krung Road) ပေါ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အဆိုပါနေရာသည် ကမ္ဘာလှည့်ခရီးသွားများပြားသည့် ဝပ်တရိုင်းမစ် (Wat Traimit) နှင့် ရာမာ ၄ လမ်းပေါ်ရှိ Starbucks ဆိုင်ခွဲတို့နှင့် နီးကပ်သော နေရာဖြစ်သည်။
အဆောက်အအုံဟောင်း၏ ဒုတိယထပ်မှ ကွန်ကရစ်လသာဆောင်သည် အောက်သို့ ဝုန်းကနဲ ပြိုကျပျက်စီးခဲ့ရာ— လမ်းပေါ်တွင် ရှိနေသည့် လူတစ်ဦး ဒဏ်ရာရရှိခဲ့သဖြင့် ကလန်ဆေးရုံ (Klang Hospital) သို့ အရေးပေါ် ပို့ဆောင်ခဲ့ရသည်။ သို့သော်လည်း အခြားအမျိုးသားတစ်ဦးမှာမူ ပြိုကျလာသည့် ကွန်ကရစ်အပျက်အစီးများအောက်တွင် ပိတ်မိနေခဲ့ပြီး၊ ကယ်ဆယ်ရေးသမားများက အချိန်လုကာ ဆွဲထုတ်ခဲ့ရသော်လည်း နေရာတင် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း အတည်ပြုခဲ့သည်။
အရေးပေါ်ဆေးဘက်ဆိုင်ရာဗဟိုဌာန နှင့် မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းကာ အခင်းဖြစ်နေရာကို ပိတ်ဆို့ပြီး အပျက်အစီးများကို ဖယ်ရှားရှင်းလင်းလျက် ရှိသည်။ လက်ရှိတွင် ခရိုင်အာဏာပိုင်များနှင့် အင်ဂျင်နီယာများက အဆောက်အအုံ ပြိုကျရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေပြီး ထပ်မံပြိုကျမှု မရှိစေရန် ဖွဲ့စည်းပုံကြံ့ခိုင်မှုကို စစ်ဆေးနေပါတယ်။
Source;Bangkok Post
