ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ဟွေခွမ်က တရားမဝင် နိုမီနီကုမ္ပဏီ ၅၃ ခုကို AMLO ထံလွှဲပြီး ငွေကြေးစစ်ဆေးနေပြီ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ တရုတ်လူမျိုးအများစု လာရောက်ရင်းနှီးမြှုပ်နှံရာ နာမည်ကျော် ဟွေခွမ်ခရိုင် (Huai Khwang) အတွင်း ထိုင်းနိုင်ငံသားအမည်ခံ (Proxy/Nominee) ပြီး ဥပဒေချိုးဖောက် ဖွင့်လှစ်ထားသည့် တရားမဝင် နိုင်ငံခြားသားပိုင် စီးပွားရေးလုပ်ငန်း ၅၃ ခု၏ ဘဏ္ဍာရေးမှတ်တမ်းများကို ပိုမိုပြင်းထန်စွာ အရေးယူနိုင်ရန်အတွက် ငွေကြေးခဝပ်ချမှု တိုက်ဖျက်ရေးရုံး (AMLO) ထံသို့ လွှဲပြောင်းပေးအပ်လိုက်ပြီ ဖြစ်ပါတယ်။

ပြီးခဲ့သည့် ဇွန်လ ၁၉ ရက်နေ့က ထိုင်းစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဦးစီးဌာန (DBD)၊ လွှတ်တော်ကော်မတီများနှင့် ဒေသခံရဲတပ်ဖွဲ့တို့ ပူးပေါင်းကာ ဟွေခွမ်ခရိုင်အတွင်းရှိ တရားမဝင် တရုတ်ရင်းနှီးမြှုပ်နှံမှုများနှင့် တရားမဝင် ရွှေ့ပြောင်းလုပ်သား ကွန်ရက်များကို ရှောင်တခင် ကွင်းဆင်းစစ်ဆေးခဲ့သည်။

စစ်ဆေးချက်အရ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူများသည် ထိုင်းနိုင်ငံသားအမည်များကို အသုံးပြုကာ စားသောက်ဆိုင်၊ လက်လီလက်ကားနှင့် အိမ်ခြံမြေလုပ်ငန်းများတွင် နောက်ကွယ်မှ ကြိုးကိုင်လုပ်ကိုင်နေသည့် အဆင့်မြင့် ရှုပ်ထွေးသော ကုမ္ပဏီဖွဲ့စည်းပုံများ ကို ဖော်ထုတ်နိုင်ခဲ့သည်။ ၎င်းသည် ထိုင်းနိုင်ငံသားများအတွက်သာ သီးသန့်ကန့်သတ်ထားသည့် ၁၉၉၉ ခုနှစ် နိုင်ငံခြားသားစီးပွားရေးအက်ဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေခြင်း ဖြစ်သည်။

အဆိုပါ လိုင်စင်မဲ့လုပ်ငန်းများတွင် ထိုင်းနိုင်ငံသားအမည်ခံကာ နိုင်ငံခြားသားများက ကိုယ်တိုင်စီမံခန့်ခွဲနေရုံတင်မကဘဲ အထောက်အထားမဲ့ တရားမဝင် ရွှေ့ပြောင်းလုပ်သားများကိုပါ ထည့်သွင်းအသုံးပြုနေကြောင်း လွှတ်တော်ကော်မတီက ထောက်ပြထားသည်။

DBD ညွှန်ကြားရေးမှူးချုပ် မစ္စတာ ပွန်ဖုန် နိုင်ယာနာပါကွန် (Poonpong Naiyanapakorn) ၏ ပြောကြားချက်အရ ဟွေခွမ်ခရိုင်ရုံးမှတစ်ဆင့် နိုင်ငံခြားငွေကြေးဖြင့် လည်ပတ်နေသည်ဟု သံသယရှိသည့် စားသောက်ဆိုင် ၁၁၂ ဆိုင်၏ စောင့်ကြည့်စာရင်းကို ရရှိထားပြီး လက်ရှိတွင် ၎င်းဆိုင်များကို ဘဏ္ဍာရေးဆိုင်ရာ အသေးစိတ် စစ်ဆေးမှုများ ပြုလုပ်နေပြီ ဖြစ်သည်။

Source;ThaiPBSWorld