ဗင်နီဇွဲလားနိုင်ငံတွင် ဇွန်လ ၂၄ ရက် (ဗုဒ္ဓဟူးနေ့) ညနေပိုင်းက အင်အားပြင်းငလျင်နှစ်ကြိမ် ဆက်တိုက် လှုပ်ခတ်သွားခဲ့ရာ မြို့တော် ကာရာကတ်စ် (Caracas) အပါအဝင် ဒေသအများအပြား တုန်ခါသွားပြီး အဆောက်အအုံများ ပျက်စီးကာ ကာရစ်ဘီယံဒေသတစ်ဝိုက်တွင် ဆူနာမီသတိပေးချက်များ ခေတ္တထွက်ပေါ်ခဲ့ပါတယ်။
အမေရိကန် ဘူမိဗေဒတိုင်းတာရေးဌာန (USGS) ၏ ထုတ်ပြန်ချက်အရ ပထမအကြိမ် ငလျင်ပြင်းအားမှာ ရစ်ခ်ျတာစကေး ၇.၁ ရှိပြီး မြို့တော်ကာရာကတ်စ်၏ အနောက်ဘက် ၁၆၈ ကီလိုမီတာခန့်အကွာ၊ ကာရစ်ဘီယံကမ်းရိုးတန်းရှိ မိုရွန် (Morón) မြို့၏ အနောက်ဘက်ကို ဗဟိုပြုကာ မြေအောက်အနက် ၁၃ ကီလိုမီတာခန့်တွင် လှုပ်ခတ်ခဲ့သည်။
ပထမအကြိမ်လှုပ်ပြီး ခဏအကြာမှာပဲ ဒုတိယအကြိမ်ငလျင်သည် ပြင်းအားပိုမိုရှိသော ၇.၅ ငလျင် ထပ်မံလှုပ်ခတ်ခဲ့ပြီး မိုရွန်မြို့၏ အနောက်တောင်ဘက် ၁၆ ကီလိုမီတာအကွာ၊ မြေအောက်အနက် ၁၀ ကီလိုမီတာခန့်ကို ဗဟိုပြု လှုပ်ခတ်သွားခဲ့သည်။ ၎င်းသည် ဗင်နီဇွဲလားနိုင်ငံသမိုင်းတွင် နှစ်ပေါင်းတစ်ရာကျော်အတွင်း အပြင်းထန်ဆုံး ငလျင်များထဲက တစ်ခုဖြစ်ကြောင်း သိရသည်။
မြို့တော် ကာရာကတ်စ်တွင် မြေငလျင်ဒဏ်ကို ပြင်းထန်စွာ ခံစားခဲ့ရပြီး အဆောက်အအုံ နံရံများအက်ကွဲခြင်း၊ မှန်ပြတင်းပေါက်များ ကွဲအက်ခြင်းတို့ ဖြစ်ပွားကာ ဒေသအချို့တွင် လျှပ်စစ်မီးနှင့် အင်တာနက်လိုင်းများ ပြတ်တောက်သွားသဖြင့် ပြည်သူများ လမ်းမပေါ်သို့ အလုအယက် ထွက်ပြေးခဲ့ကြရသည်။
ပြည်ထဲရေးဝန်ကြီး Diosdado Cabello ၏ ပြောကြားချက်အရ ကာရာကတ်စ်မြို့ရှိ အော်တာမီရာ (Altamira) ဒေသတွင် နေအိမ်များနှင့် အဆောက်အအုံများ ပြိုကျပျက်စီးမှုများ ရှိခဲ့ပြီး စိုးရိမ်စရာ အခြေအနေ ဖြစ်ပေါ်ခဲ့သည်။ နောက်ဆက်တွဲငလျင်များ (Aftershocks) ထပ်မံလှုပ်ခတ်နိုင်သဖြင့် ပြည်သူများကို အဆောက်အအုံပြင်ပတွင်သာ နေထိုင်ကြရန်နှင့် လူနာတင်ယာဉ်များ သွားလာနိုင်ရေး လမ်းများရှင်းလင်းပေးရန် တောင်းဆိုထားသည်။
အမေရိကန် ပစိဖိတ် ဆူနာမီသတိပေးစင်တာက ပေါ်တိုရီကို (Puerto Rico)၊ ဗာဂျင်ကျွန်းစုများအပြင် ဗင်နီဇွဲလားကမ်းရိုးတန်းအနီးရှိ ကျွန်းများအတွက် ဆူနာမီ အန္တရာယ်ရှိနိုင်ကြောင်း အစောပိုင်းက သတိပေးခဲ့သော်လည်း နောက်ပိုင်းတွင် အန္တရာယ်မရှိနိုင်တော့သဖြင့် သတိပေးချက်ကို ပြန်လည်ရုပ်သိမ်းခဲ့သည်။
ငလျင်လှုပ်ခတ်ချိန်သည် ဗင်နီဇွဲလားနိုင်ငံ၏ လွတ်လပ်ရေးကြိုးပမ်းမှု စစ်နိုင်ခြင်း အထိမ်းအမှတ် ရုံးပိတ်ရက်ဖြစ်သဖြင့် လူအများစု အိမ်၌ရှိနေကြချိန် ဖြစ်သည်။ လက်ရှိအချိန်အထိ လူသေဆုံး ဒဏ်ရာရမှု စာရင်းအတိအကျကို အာဏာပိုင်များက အတည်မပြုနိုင်သေးဘဲ ကယ်ဆယ်ရေးအဖွဲ့များက ကွင်းဆင်းစစ်ဆေးလျက် ရှိပါတယ်။
Source;The Nation
#Mingalarnews #VenezuelaEarthquake2026 #Caracas #Moron #TsunamiAlert
