ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းရိုင်ခရိုင် ဖန်မြို့နယ်ရှိ ဝပ်ဆန်မာမောင်း (Wat San Mamao) ကျောင်းတိုက်တွင် ၂၀၂၅ ခုနှစ်အတွင်းက အလှူငွေ ဘတ် ၁၃,၇၀၀ ခိုးယူခဲ့သဖြင့် ထောင်ဒဏ် ၁၈ လ (၃ နှစ်ဆိုင်းငံ့) ချမှတ်ခံထားရသည့် ဘန်ကောက်မြို့မှ အမျိုးသမီးတစ်ဦးသည် ယခု ၂၀၂၆ ခုနှစ် ဇွန်လကုန်ပိုင်းတွင် ကျောင်းတိုက်အပေါ် ပြင်းထန်သော စွပ်စွဲချက်များဖြင့် ပြန်လည်တိုက်ခိုက်လာပါတယ်။
အဆိုပါအမျိုးသမီးသည် ကျောင်းတိုက်အတွင်း အလှူငွေများကို ၃ ကြိမ်တိုင်တိုင် ခိုးယူခဲ့ရာ CCTV တွင် အထင်အရှားပေါ်ပေါက်သဖြင့် တရားစွဲဆိုခံရပြီး ထောင်ဒဏ်ဆိုင်းငံ့ပြစ်ဒဏ် ခံရသူဖြစ်သည်။ နောက်ပိုင်းတွင် ကျောင်းဝန်းအတွင်း ဝင်ရောက်ခွင့် ပိတ်ပင်ခံခဲ့ရသည်။
ယခုရက်ပိုင်းအတွင်း ၎င်းအမျိုးသမီးက ကျောင်းတိုက်ရှိ ဆရာတော်များသည် အမျိုးသမီးများနှင့် ကလေးငယ်များကို ကာမစပ်ယှက်ရန် သွေးဆောင်လေ့ရှိပြီး မိမိကိုယ်တိုင်လည်း ခံခဲ့ရသည်ဟု ပို့စ်တင်ခဲ့သည်။ ၎င်းအပြင် ဘုန်းကြီးကျောင်းသားများအတွင်း မူးယစ်ဆေးဝါး၊ အရက်နှင့် ညစ်ညမ်းဗီဒီယို ပြဿနာများရှိကြောင်းပါ စွပ်စွဲထားသည်။
ကျောင်းဂေါပကနှင့် ကော်မတီအဖွဲ့က ဤစွပ်စွဲချက်များအားလုံးကို ပြတ်ပြတ်သားသား ငြင်းဆိုလိုက်ပြီး၊ အလှူငွေခိုးမှုဖြင့် အရေးယူခံရသည်ကို မကျေနပ်သဖြင့် ကလဲ့စားချေတိုက်ခိုက်ခြင်းသာ ဖြစ်သည်ဟု ဆိုသည်။ လက်ရှိတွင် ၎င်းအမျိုးသမီးအား အသရေဖျက်မှု နှင့် ရာဇဝတ်မှုအက်ဥပဒေ တို့ဖြင့် ထပ်မံအမှုဖွင့် တရားစွဲဆိုထားပါတယ်။
Source;Thaiger
