ထိုင်းနိုင်ငံ၊ စမွတ်စာခွန်ခရိုင်ရှိ ဂိုဒေါင်ကြီးတစ်ခုတွင် မီးအကြီးအကျယ်လောင်ကျွမ်း၊ ၂ နာရီနီးပါး ငြှိမ်းသတ်ခဲ့ရပြီး ထိခိုက်ဒဏ်ရာရသူမရှိ

ထိုင်းနိုင်ငံ၊ စမွတ်စာခွန်ခရိုင်ရှိ ကုန်လှောင်ဂိုဒေါင်အဆောက်အအုံကြီးတစ်ခုတွင် ယနေ့ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၇ ရက် နံနက်ပိုင်းက မီးအကြီးအကျယ်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး ကောင်းကင်ယံသို့ မီးခိုးနက်ကြီးများ အလိပ်လိုက် တက်လာခဲ့သဖြင့် ကယ်ဆယ်ရေးအဖွဲ့ပေါင်းစုံ သွားရောက်ငြှိမ်းသတ်ခဲ့ရပါတယ်။

စမွတ်စာခွန်ခရိုင်၊ မောင်းမြို့နယ်၊ ခုတ်ခမ်တိုက်နယ်ရှိ သိုလှောင်ဂိုဒေါင်ကြီးအတွင်း ယနေ့နံနက် ၆:၅၀ ဝန်းကျင် တွင် မီးလောင်မှု စတင်ဖြစ်ပွားခဲ့ကြောင်း ဒေသခံအာဏာပိုင်များထံ သတင်းပေးပို့ခဲ့သည်။

မီးသတ်တပ်ဖွဲ့ဝင်များ၊ အနီးနားရှိ ဒေသန္တရအဖွဲ့အစည်းများနှင့် ပရဟိတကယ်ဆယ်ရေးအဖွဲ့များမှ မီးသတ်ကားအမြောက်အမြားဖြင့် ၂ နာရီနီးပါး ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရပြီး နံနက် ၈:၄၀ အချိန် တွင် မီးကို အောင်မြင်စွာ ထိန်းချုပ်နိုင်ခဲ့သည်။ကံကောင်းထောက်မစွာဖြင့် ယခုမီးလောင်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိသူ သို့မဟုတ် သေဆုံးသူ တစ်စုံတစ်ရာ မရှိခဲ့ပေ။

လက်ရှိတွင် မီးလောင်ရသည့် အကြောင်းရင်း နှင့် စုစုပေါင်း ပျက်စီးဆုံးရှုံးမှု တန်ဖိုးတို့ကို အာဏာပိုင်များက အသေးစိတ် စုံစမ်းစစ်ဆေးနေဆဲဖြစ်သည်။ထို့အပြင် စမုတ်စာခွန် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရုံးသည် ပြည်နယ်ပြည်သူ့ကျန်းမာရေး၊ စက်မှုလက်မှုနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဌာနများနှင့် ပူးပေါင်းကာ မီးလောင်မှုကြောင့် ပတ်ဝန်းကျင် ညစ်ညမ်းမှု ရှိ၊ မရှိနှင့် ဘေးထွက်ဆိုးကျိုးများကိုပါ ဆက်လက်ဆန်းစစ်လျက်ရှိပါတယ်။

Source;Khaosod