မက္ကဆီကိုနိုင်ငံ၊Jalisco ပြည်နယ်၊ Lagos de Moreno မြို့တွင် ဆိုင်ကယ်သူခိုးဟု သံသယရှိသူများကို လိုက်လံဖမ်းဆီးကာ လမ်းဘေးဓာတ်တိုင်များ၌ တိပ်အမည်းများဖြင့် ပတ်၍ ဒဏ်ခတ်နေသည့် လူထုကိုယ်တော်ချော (Vigilante) သို့မဟုတ် မက္ကဆီကိုဗားရှင်း “ဘက်မင်း (Batman)” ကို ရဲတပ်ဖွဲ့က တရားခံအဖြစ် လိုက်လံရှာဖွေနေပါတယ်ဗျာ။
ဇွန်လ ၁၃ ရက်နေ့မှစတင်ကာ ၁၀ ရက်တာကာလအတွင်း အဆိုပါမြို့၌ ဆိုင်ကယ်ခိုးယူသည်ဟု ယူဆရသည့် အမျိုးသား အနည်းဆုံး ၅ ဦးခန့် လမ်းဘေးဓာတ်တိုင်များတွင် တိပ်ဖြင့် အပတ်ခံထားရလျက် အကူအညီမဲ့စွာ ဆက်တိုက် တွေ့ရှိခဲ့ရသည်။
ဖမ်းဆီးခံရသူများ၏ မျက်နှာတွင် ကြောင်နှုတ်ခမ်းမွှေးများ ဆွဲထားသည့်အပြင်၊ စပိန်ဘာသာစကားဖြင့် “သူခိုး” ဟု နဖူးနှင့် ပါးစပ်တို့တွင် စာတန်းများ ရေးသားထားကြသည်။
အဆိုပါ “ဘက်မင်း” ဟု တင်စားခံရသူသည် ၎င်းတို့ခိုးယူထားသည့် ဆိုင်ကယ်များကိုပါ လူအများမြင်သာစေရန် ဓာတ်တိုင်အနီးတွင် ပူးတွဲချန်ထားခဲ့လေ့ရှိသည်။ ဓာတ်ပုံမှတ်တမ်းတစ်ခုတွင် အမျိုးသားနှစ်ဦးကို ကျောချင်းကပ်ကာ ဓာတ်တိုင်တွင် တိပ်ဖြင့်ပတ်ထားပြီး ၎င်းတို့ခေါင်းပေါ်တွင် ပန်းရောင်ဆိုင်းဘုတ်တစ်ခု ချိတ်ဆွဲထားသည်ကို တွေ့ရသည်။
ပြည်နယ်လုံခြုံရေးအတွင်းရေးမှူး ဟွမ်ပါဘလို (Juan Pablo Hernández) ၏ အဆိုအရ ရဲတပ်ဖွဲ့သည် ဓာတ်တိုင်တွင် အချည်ခံထားရသည့် အမျိုးသားများကို (သူခိုးအဖြစ် မဟုတ်ဘဲ) ပြစ်မှုကျူးလွန်ခြင်းခံရသည့် “နစ်နာသူများ” အဖြစ် သတ်မှတ်ထားပြီး၊ ဥပဒေပြင်ပမှ ကိုယ်တိုင်တရားစီရင်နေသည့် အဆိုပါဗားရှင်း ဘက်မင်းကို ဖမ်းဆီးရန် ကြိုးပမ်းနေသည်။
လတ်တလောတွင် ဓာတ်တိုင်၌ ချည်နှောင်ခံထားရသူများကို ရဲတပ်ဖွဲ့က ပြန်လည်ကယ်ထုတ်ကာ ဒဏ်ရာများကို ဆေးကုသပေးထားပြီး၊ ၎င်းတို့အား ဆိုင်ကယ်ခိုးမှုဖြင့် ဆက်လက်စုံစမ်းစစ်ဆေးခြင်း ရှိ၊ မရှိကိုမူ ရှင်းလင်းစွာ မသိရသေးပေ။ ယခုအချိန်အထိ ဖမ်းဆီးရမိသူ မရှိသေးသော်လည်း ရဲတပ်ဖွဲ့သည် အဆိုပါဖြစ်စဉ်များနှင့် ဆက်စပ်နိုင်သည့် သံသယဖြစ်ဖွယ် မော်တော်ယာဉ် ၂ စီးကို စိစစ်ဖော်ထုတ်ထားနိုင်ပြီဖြစ်ပါတယ်။
Source;New York Post
