ဥရောပအပူလှိုင်းကြောင့် ပြင်သစ်တွင် လူ ၁,၀၀၀ ကျော် သေဆုံး၊ ဂျာမနီတွင် စစ်ကျန်ဗုံးများ ပေါက်ကွဲပြီး တောမီးလောင်

ဥရောပတိုက်တွင် ရာသီဥတုဖောက်ပြန်မှုကြောင့် သမိုင်းတစ်လျှောက် အဆိုးရွားဆုံး စံချိန်တင် အပူလှိုင်းဒဏ်ကို ရင်ဆိုင်နေရပြီး ပြင်သစ်နိုင်ငံ၌ ရက်ပိုင်းအတွင်း လူ ၁,၀၀၀ ကျော် ပိုမိုသေဆုံးခဲ့ရသည့်အပြင် ဂျာမနီနှင့် ချက်သမ္မတနိုင်ငံတို့တွင်လည်း သမိုင်းဝင် အပူချိန်စံချိန်သစ်များ တင်ခဲ့ပါတယ်။

အပူလှိုင်းအပြင်းထန်ဆုံး ၃ ရက်တာအတွင်း၌တင် ပုံမှန်ထက် ပိုမိုမြင့်မားသော သေဆုံးသူ အနည်းဆုံး ၁,၀၀၀ ကျော် ရှိခဲ့ပြီး၊ သေဆုံးသူများ၏ ၈၅ ရာခိုင်နှုန်းသည် အသက် ၂၅ နှစ်နှင့်အထက် လူကြီးများဖြစ်သည်။

ချက်သမ္မတနိုင်ငံတွင် ၄၁.၉ ဒီဂရီစင်တီဂရိတ်၊ ဂျာမနီတွင် ၄၁.၇ ဒီဂရီနှင့် ပိုလန်တွင် ၄၀.၅ ဒီဂရီအထိ ရှိလာပြီး သမိုင်းတစ်လျှောက် အပူဆုံးနေ့များအဖြစ် စံချိန်တင်ခဲ့သည်။

 ဂျာမနီတောမီးလောင်ကျွမ်းမှုအတွင်း ဒုတိယကမ္ဘာစစ်ကျန် မပေါက်ကွဲသေးသည့် ဗုံးဟောင်းများ (Unexploded Ordnance) ရှိနေသဖြင့် အပူကြောင့် ပေါက်ကွဲမှုများဖြစ်ပွားကာ မီးသတ်သမားများ ရုန်းကန်ခဲ့ရပြီး ဒေသခံ ၆၅၀ ခန့်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရသည်။

ဘာလင်မြို့တွင် အပူလွန်ကဲ၍ လူနာတင်ယာဉ်ခေါ်ဆိုမှု ၅၀၀ ကျော် တိုးလာသောကြောင့် ရဲတပ်ဖွဲ့သည် ဆန္ဒပြပွဲများ ဖြိုခွဲရာတွင်သုံးသည့် Water Cannons ကြီးများကို အသုံးပြုကာ ခရီးသွားများနှင့် ဒေသခံများကို အအေးဓာတ်ရစေရန် ရေဖျန်းပေးခဲ့ရသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဥရောပသည် ကမ္ဘာပေါ်တွင် အပူချိန်အလျင်မြန်ဆုံး မြင့်တက်နေသည့် တိုက်ကြီးဖြစ်ပြီး လက်ရှိတွင် လူဦးရေ ၁၅၀ သန်းခန့် အစွန်းရောက်အပူဒဏ်ကို ရင်ဆိုင်နေရကြောင်း သတိပေးထားပါတယ်။

Source;Khaosod