ဘန်ကောက်-မဲလ်ဘုန်း လေယာဉ်ပေါ်တွင် မူးယစ်ဆေးဝါး ၁ ကီလိုကျော် သယ်ဆောင်လာသည့် ထိုင်းလေကြောင်းလိုင်း ဝန်ထမ်းအမျိုးသမီး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၏ အမျိုးသားလေကြောင်းလိုင်းဖြစ်သော ထိုင်းအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (Thai Airways) မှ အသက် ၂၆ နှစ်အရွယ် လေယာဉ်အမှုထမ်း ဝန်ထမ်းအမျိုးသမီးတစ်ဦးသည် အိတ်များအတွင်း ဟီးရိုးအင်း မူးယစ်ဆေးဝါး ၁ ကီလိုဂရမ်ကျော် (ကာလတန်ဖိုး ဩစတြေးလျဒေါ်လာ ၅ သိန်းခန့်) ဝှက်မှောင်ခိုသယ်ဆောင်လာမှုဖြင့် ဩစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းလေဆိပ်တွင် ဖမ်းဆီးခြင်း ခံခဲ့ရပါတယ်။

အဆိုပါ ဝန်ထမ်းအမျိုးသမီးသည် ဇွန်လ ၂၅ ရက် (ကြာသပတေးနေ့) က နိုင်ငံတကာလေယာဉ်ခရီးစဉ်ဖြင့် တာဝန်ထမ်းဆောင်ရင်း မဲလ်ဘုန်းလေဆိပ်သို့ ရောက်ရှိလာချိန်တွင် ၎င်း၏ ခရီးဆောင်အိတ်များကို X-ray စစ်ဆေးရာမှ မသင်္ကာဖွယ်ရာ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

အိတ်များကို အသေးစိတ် ထပ်မံစစ်ဆေးရာ ၎င်းသယ်ဆောင်လာသည့် လက်ဆွဲအိတ် ၁၂ လုံး၏ အတွင်းအသားလိုင်နာများထဲတွင် အဖြူရောင်မှုန့်များ ဝှက်ညှပ်ထည့်ထားသည်ကို တွေ့ရှိခဲ့ရပြီး ပဏာမစစ်ဆေးချက်အရ Heroin ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။

ဩစတြေးလျ ဖက်ဒရယ်ရဲတပ်ဖွဲ့ (AFP) က ၎င်းအား မူးယစ်ဆေးဝါး တရားမဝင်တင်သွင်းမှု၊ လက်ဝယ်ထားရှိမှုတို့ဖြင့် တရားစွဲဆိုထားပြီး ယင်းပြစ်မှုသည် အမြင့်ဆုံး ထောင်ဒဏ် ၂၅ နှစ်အထိ ကျခံရနိုင်ကာ လာမည့် စက်တင်ဘာလတွင် မဲလ်ဘုန်းတရားရုံး၌ ရုံးထုတ်စစ်ဆေးသွားမည်ဖြစ်သည်။

ထိုင်းလေကြောင်းလိုင်း ဘက်က အဆိုပါ ဖမ်းဆီးခံရသူမှာ ၎င်းတို့၏ ဝန်ထမ်းဖြစ်ကြောင်း ဝန်ခံထားပြီး အာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်နေသည်။ ဝန်ထမ်းများအနေဖြင့် မူးယစ်ဆေးဝါးနှင့် တရားမဝင်ပစ္စည်းများ လက်ဝယ်ထားခြင်း၊ သယ်ဆောင်ခြင်းတို့ကို ပြင်းထန်စွာ တားမြစ်ထားပြီး ပြစ်မှုထင်ရှားပါက ပြတ်ပြတ်သားသား အရေးယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။

Source;APnews