ထိုင်းနိုင်ငံ၊ ပတ္တရားမြို့တွင် အသက် ၁၇ နှစ်အရွယ် ထိုင်းမိန်းကလေး သန်ချနော့ခ် ကို ရိုက်နှက်သတ်ဖြတ်ပြီး ရုပ်အလောင်းကို ခရီးဆောင်အိတ်အတွင်း ထည့်ကာ ရထားသံလမ်းအနီး စွန့်ပစ်ခဲ့သည့် အဓိကတရားခံ ဩစတြေးလျနိုင်ငံသား ဆိုင်မွန် ပီတာ ကာမန်း (Simon Peter Carman၊ ၄၆ နှစ်) ကို ဇွန်လ ၂၆ ရက် ညပိုင်းက ဘန်ကောက် သုဝဏ္ဏဘူမိလေဆိပ်တွင် ဩစတြေးလျသို့ ထွက်ပြေးရန် ပြင်ဆင်နေစဉ် ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပါတယ်။
ဇွန်လ ၂၅ ရက် နံနက် ၃:၃၀ ဝန်းကျင်တွင် တရားခံနှင့် မိန်းကလေးတို့ လက်တွဲကာ ကွန်ဒိုခန်းအတွင်းသို့ ဝင်ရောက်သွားခဲ့ပြီးနောက်၊ တရားခံတစ်ဦးတည်း ခရီးဆောင်အိတ်အမည်းကြီးတစ်လုံးကို ဆွဲ၍ ပြန်ထွက်လာသည်ကို CCTV တွင် တွေ့ရှိခဲ့ရသည်။ ၎င်း၏ ရုပ်အလောင်းကို ဇွန်လ ၂၇ ရက်တွင် ရှာဖွေတွေ့ရှိခဲ့သည်။
တရားခံက မိန်းကလေးမှာ ၎င်းကို ဓားဖြင့် ခြိမ်းခြောက်ငွေညှစ်ရန် ကြိုးပမ်းသဖြင့် မိမိကိုယ်ကို ခုခံကာကွယ်ရာမှ သေဆုံးခြင်းဖြစ်ကြောင်းနှင့် “မိမိထိန်းချုပ်မှုအပြင်ဘက် ရောက်သွားခြင်းဖြစ်သည်” ဟု ဗီဒီယိုမှတစ်ဆင့် ထူးဆန်းစွာ ထွက်ဆိုခဲ့သည်။ သို့သော် ၎င်းသည် မိန်းကလေးထက် ခန္ဓာကိုယ် ၃ ဆခန့် ပိုမိုကြီးမားပြီး၊ သတ်ပြီးနောက် အလောင်းဖျောက်ကာ လေဆိပ်သို့ ထွက်ပြေးရန် ကြိုးပမ်းခဲ့ခြင်းကြောင့် ၎င်း၏ထွက်ဆိုချက်ကို လူထုနှင့် ရဲတပ်ဖွဲ့က ပြင်းထန်စွာ ဝေဖန်ရှုတ်ချထားသည်။
လက်ရှိတွင် တရားခံအား လူသတ်မှု၊ အလောင်းဖျောက်ဖျက်မှု၊ ကာမမှုအတွက် ခေါ်ဆောင်မှုတို့ဖြင့် အမှုဖွင့်ထားပြီး၊ သေဆုံးသူ၏ မိသားစုက အမြင့်ဆုံးပြစ်ဒဏ်ဖြစ်သော သေဒဏ်အထိ ချမှတ်ပေးရန် တောင်းဆိုထားသည်။ ထိုင်းအာဏာပိုင်များသည် ရုံးတင်တရားစွဲဆိုရန်အတွက် စုံစမ်းစစ်ဆေးမှုကို ၈၄ ရက်အတွင်း အပြီးသတ်လုပ်ဆောင်သွားမည်ဖြစ်ပါတယ်။
Source;The Pattaya News
#Mingalarnews #PattayaMurder2026 #SimonPeterCarman #PattayaNews
