ထိုင်းနိုင်ငံမြောက်ပိုင်း၊ ဖရဲပြည်နယ်တွင် ဘိန်းဖြူရည်ဆိုးထားသည့် ထိုင်ခုံစွပ်များ ဖမ်းဆီးရမိ၊ ကွင်းဆက်အဖြစ် ဘန်ကောက်တွင် ဘိန်းဖြူ ကီလို ၁၀၀ ကျော် ထပ်မံသိမ်းဆည်းရမိ

ထိုင်းနိုင်ငံမြောက်ပိုင်း၊ ဖရဲ (Phrae) ပြည်နယ်၊ ဒန်ချိုင် (Den Chai) ခရိုင်တွင် ပြည်ပသို့ တင်ပို့ရန် ပြင်ဆင်ထားသည့် ဘိန်းဖြူရည်ဖြင့် စိမ်/ဆိုးထားသော ဂွမ်းထိုင်ခုံစွပ် ၂၀ (ဘိန်းဖြူ ၅.၆ ကီလိုဂရမ်) ကို ဖမ်းဆီးရမိခဲ့ရာမှတစ်ဆင့် ကွင်းဆက်အဖြစ် ဘန်ကောက်မြို့တွင် ဘိန်းဖြူ ကီလိုဂရမ် ၁၀၀ ကျော်ကို ရဲတပ်ဖွဲ့က ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်ဗျာ။

နခွန်ဖနွန်ပြည်နယ်မှ ရောက်ရှိလာသော ပါဆယ်သေတ္တာအတွင်းရှိ ဂွမ်းထိုင်ခုံစွပ်များသည် အလေးချိန် ပုံမှန်မဟုတ်ဘဲ လေးလံနေသဖြင့် ဝန်ထမ်းက ဇစ်ဖွင့်စစ်ဆေးရာမှ အဖြူရောင်ဆေးမှုန့်များကို အမှတ်မထင် စတင်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ယင်းသည် အထည်တွင် ဘိန်းဖြူရည်စိမ်၍ အခြောက်ခံသည့် ‘Drip-dry’ နည်းလမ်း ဖြစ်သည်။

ရဲတပ်ဖွဲ့က ကွင်းဆက်လိုက်လံစုံစမ်းခဲ့ရာ နခွန်ဖနွန်တွင် သံသယရှိသူ တရားခံ ၂ ဦးကို ဖမ်းဆီးနိုင်ခဲ့ပြီး ၎င်းတို့၏ လျှို့ဝှက်နေရာများမှတစ်ဆင့် ဘန်ကောက်မြို့တွင် ဘိန်းဖြူ ကီလိုဂရမ် ၁၀၀ ကျော်ကို ထပ်မံသိမ်းဆည်းရမိခဲ့သည်။

မူးယစ်ဆေးဝါးနှိမ်နင်းရေးရဲတပ်ဖွဲ့က ပါဆယ်ပို့ဆောင်ရေးလုပ်ငန်းများကို ပြည်ပပို့ကုန်များ စနစ်တကျစစ်ဆေးရန် သတိပေးထားပြီး၊ ခရီးသည်များအနေဖြင့်လည်း သူစိမ်းများထံမှ ငွေကြေးယူကာ မည်သည့်ပါဆယ်ပစ္စည်းကိုမျှ လက်ခံသယ်ဆောင်ပေးခြင်း မပြုကြရန် ပြင်းထန်စွာ သတိပေးထားပါတယ်။

Source;ThaiPBSWorld